အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ဘယဝဂ်
၁-အတ္တာနုဝါဒသုတ်
၁၂၁။ ရဟန်းတို့ ဘေးတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— အတ္တာ နုဝါဒဘေး၊ ပရာနုဝါဒဘေး၊ ဒဏ္ဍဘေး၊ ဒုဂ္ဂတိဘေးတို့တည်း။
ရဟန်းတို့ အတ္တာနုဝါဒဘေးဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် “ငါသည်ပင် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်ငြားအံ့၊ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်ငြားအံ့၊ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်ငြားအံ့၊ အဘယ့်ကြောင့်လျှင် ငါ့ကို ငါ သီလအားဖြင့် မစွပ်စွဲဘဲ ရှိအံ့နည်း”ဟု ဆင်ခြင်၏။ ထိုသူသည် မိမိကိုယ်ကို မိမိစွပ်စွဲမည့် ဘေးကို ကြောက်သဖြင့် ကာယဒုစရိုက်ကို ပယ်စွန့်၍ ကာယ သုစရိုက်ကို ပွါးများ၏၊ ဝစီဒုစရိုက်ကို ပယ်စွန့်၍ ဝစီသုစရိုက်ကို ပွါးများ၏၊ မနောဒုစရိုက်ကို ပယ်စွန့်၍ မနောသုစရိုက်ကို ပွါးများ၏၊ စင်ကြယ်သော မိမိကိုယ်ကို ဆောင်၏။ ရဟန်းတို့ ဤသည်ကို အတ္တာ နုဝါဒဘေးဟု ဆိုအပ်၏။
ရဟန်းတို့ ပရာနုဝါဒဘေးဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် “ငါသည်ပင် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်ငြားအံ့၊ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်ငြားအံ့၊ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်ငြားအံ့၊ အဘယ့်ကြောင့်လျှင် ငါ့ကို သူတစ်ပါးတို့သည် သီလအားဖြင့် မစွပ်စွဲဘဲ ရှိပါကုန် အံ့နည်း”ဟု ဆင်ခြင်၏။ ထိုသူသည် သူတစ်ပါးတို့ စွပ်စွဲမည့် ဘေးကို ကြောက်သဖြင့် ကာယဒုစရိုက်ကို ပယ်စွန့်၍ ကာယသုစရိုက်ကို ပွါးများ၏၊ ဝစီဒုစရိုက်ကို ပယ်စွန့်၍ ဝစီသုစရိုက်ကို ပွါးများ၏၊ မနော ဒုစရိုက်ကို ပယ်စွန့်၍ မနောသုစရိုက်ကို ပွါးများ၏၊ စင်ကြယ်သော မိမိကိုယ်ကို ဆောင်၏။ ရဟန်းတို့ ဤသည်ကို ပရာနုဝါဒဘေးဟု ဆိုအပ်၏။
ရဟန်းတို့ ဒဏ္ဍဘေးဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မကောင်းမှု ပြုကျင့်လေ့ရှိသော ခိုးသူကို မင်းတို့သည် ဖမ်းယူ၍ ညှဉ်းပန်းမှု အမျိုးမျိုးတို့ကို စီရင်စေသည်တို့ကို တွေ့မြင်၏၊ နှင်တံတို့ဖြင့် ရိုက်နှက်သည်တို့ကိုလည်းကောင်း၊ ကြိမ်လုံးတို့ဖြင့် ရိုက်နှက်သည်တို့ကိုလည်းကောင်း၊ တုတ်တိုတို့ဖြင့် ရိုက်နှက်သည်တို့ကိုလည်းကောင်း၊ လက်ဖြတ်သည်တို့ကိုလည်းကောင်း၊ ခြေဖြတ်သည်တို့ကိုလည်းကောင်း၊ လက်ခြေဖြတ်သည်တို့ကိုလည်းကောင်း၊ နားကို ဖြတ်သည်တို့ကိုလည်းကောင်း၊ နှာခေါင်းကို ဖြတ်သည်တို့ကိုလည်းကောင်း၊ နားနှာခေါင်းဖြတ်သည်တို့ကိုလည်းကောင်း၊ ပအုန်းရည်အိုးခေါ် ညှဉ်းပန်းမှုပြုသည်တို့ကိုလည်းကောင်း၊ ခရုသင်း ဦးပြည်းခေါ် ညှဉ်းပန်းမှုပြုသည်တို့ကိုလည်းကောင်း၊ ရာဟုခံတွင်းခေါ် ညဉ်းပန်းမှုပြုသည်တို့ကိုလည်းကောင်း၊ မီးပန်း ကုံးခေါ် ညှဉ်းပန်းမှုပြုသည်တို့ကိုလည်းကောင်း၊ လက်ဆီမီးခေါ် ညှဉ်းပန်းမှုပြုသည်တို့ကိုလည်းကောင်း၊ ပြိန်းရွက်ခေါ် ညှဉ်းပန်းမှုပြုသည်တို့ကိုလည်းကောင်း၊ လျှော်တေအဝတ်ခေါ် ညှဉ်းပန်းမှုပြုသည်တို့ကိုလည်းကောင်း၊ ဧဏီသား မီးမြှိုက်ခေါ် ညှဉ်းပန်းမှုပြုသည် တို့ကိုလည်းကောင်း၊ ငါးမျှားချိတ်ဖြင့် အသားကိုလွှာခြင်းပြုသည် တို့ကိုလည်းကောင်း၊ ကျပ်ပြားမျှလောက် အသားကို လှီးဖြတ်ခြင်းပြုသည်တို့ကိုလည်းကောင်း၊ အသားကို မွှမ်း၍ ဆားငံလောင်းခြင်းပြုသည်တို့ကိုလည်းကောင်း၊ တံခါးကျင်လှည့်ခေါ် ညှဉ်းပန်းမှုပြုသည် တို့ကိုလည်းကောင်း၊ ကောက်ရိုးထုံးခေါ် ညှဉ်းပန်းမှုပြုသည် တို့ကိုလည်းကောင်း၊ ဆီပူဖြင့် သွန်းလောင်းသည်တို့ကိုလည်းကောင်း၊ ခွေးတို့ကို စားစေသည် တို့ကိုလည်းကောင်း၊ အသက်ရှင်စဉ် သံတံကျင်ဖြင့် လျှိုသည်တို့ကိုလည်းကောင်း၊ သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်သည် တို့ကိုလည်းကောင်း မြင်၏။
ထို ပုဂ္ဂိုလ်အား ဤအကြံသည် ဖြစ်၏ “အကြင် သို့ သဘောရှိကုန်သော ယုတ်ညံ့သော မကောင်းမှု တို့၏ အကြောင်းကြောင့် မကောင်းမှု ပြုကျင့်လေ့ရှိသော ခိုးသူကို မင်းတို့သည် ဖမ်းယူ၍ ညှဉ်းပန်းမှု အမျိုးမျိုးတို့ကို ပြုစေကုန်၏၊ နှင်တံတို့ဖြင့် ရိုက်နှက်ကုန်၏။ပ။ သန်လျှက်ဖြင့်လည်း ဦးခေါင်းကို့ဖြတ်ကုန်၏၊ ငါသည်လည်း ဤသို့သဘောရှိသော မကောင်းမှုကို ပြုငြားအံ့၊ ငါ့ကိုလည်း မင်းတို့သည် ဖမ်းယူ၍ ဤသို့ သဘောရှိကုန်သော ညှဉ်းပန်းမှု အမျိုးမျိုးတို့ကို ပြုကုန်ရာ၏၊ နှင်တံတို့ဖြင့် ရိုက်နှက်ကုန်ရာ၏၊ ကြိမ်လုံးတို့ဖြင့် ရိုက်နှက်ကုန်ရာ၏၊ တုတ်တိုတို့ဖြင့် ရိုက်နှက်ကုန်ရာ၏၊ လက်ကို ဖြတ်ကုန်ရာ၏၊ ခြေကို ဖြတ်ကုန်ရာ၏၊ လက်ခြေတို့ကို ဖြတ်ကုန်ရာ၏၊ နားကို ဖြတ်ကုန်ရာ၏၊ နှာခေါင်းကို ဖြတ်ကုန်ရာ၏၊ နား နှာခေါင်းတို့ကို ဖြတ်ကုန်ရာ၏၊ ပအုန်းရည်အိုးခေါ် ညှဉ်းပန်းမှုကို ပြုကုန်ရာ၏၊ ခရုသင်းဦးပြည်းခေါ် ညှဉ်းပန်းမှုကို ပြုကုန်ရာ၏၊ ရာဟုခံတွင်းခေါ် ညှဉ်းပန်းမှုကို ပြုကုန် ရာ၏၊ မီးပန်းကုံးခေါ် ညှဉ်းပန်းမှုကို ပြုကုန်ရာ၏၊ လက်ဆီမီးခေါ် ညှဉ်းပန်းမှုကို ပြုကုန်ရာ၏၊ ပြိန်းရွက်ခေါ် ညှဉ်းပန်းမှုကို ပြုကုန်ရာ၏၊ လျှော်တေအဝတ်ခေါ် ညှဉ်းပန်းမှုကို ပြုကုန်ရာ၏၊ ဧဏီသား မီးမြှိုက်ခေါ် ညှဉ်းပန်းမှုကို ပြုကုန်ရာ၏၊ ငါးမျှားချိတ်ဖြင့် အသားကို လွှာခြင်းကို ပြုကုန်ရာ၏၊ ကျပ်ပြားမျှလောက် အသားကို လှီးဖြတ်ခြင်းကို ပြုကုန်ရာ၏၊ အသားကို မွှမ်း၍ ဆားငံလောင်းခြင်းကို ပြုကုန်ရာ၏၊ တံခါးကျင်လှည့်ခေါ် ညှဉ်းပန်းမှုကို ပြုကုန်ရာ၏၊ ကောက်ရိုးထုံးခေါ် ညှဉ်းပန်းမှုကို ပြုကုန်ရာ၏၊ ဆီပူဖြင့် သွန်းလောင်းကုန်ရာ၏၊ ခွေးတို့ကို စားစေကုန်ရာ၏၊ အသက်ရှင်စဉ် သံတံကျင်ဖြင့် လျှိုကုန်ရာ၏၊ သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်ကုန်ရာ၏”ဟု (အကြံဖြစ်၏)။
ထို ပုဂ္ဂိုလ်သည် ဒဏ်ခံရ မည့်ဘေးကို ကြောက်သဖြင့် သူတစ်ပါးဥစ္စာထုပ်ကို မလုယက်၊ ကာယဒုစရိုက်ကို ပယ်စွန့်၍။ပ။ စင်ကြယ် သော မိမိကိုယ်ကို ဆောင်၏။ ရဟန်းတို့ ဤသည်ကို ဒဏ္ဍဘေးဟု ဆိုအပ်၏။
ရဟန်းတို့ ဒုဂ္ဂတိဘေးဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ဤသို့ ဆင်ခြင်၏ “တမလွန်ဘဝ၌ ကာယဒုစရိုက်၏ အကျိုးသည် ယုတ်ညံ့၏၊ တမလွန်ဘဝ၌ ဝစီဒုစရိုက်၏ အကျိုးသည် ယုတ်ညံ့၏၊ တမလွန်ဘဝ၌ မနောဒုစရိုက်၏ အကျိုးသည် ယုတ်ညံ့၏၊ ငါသည်လည်း ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်ငြားအံ့၊ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်ငြားအံ့၊ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်ငြားအံ့၊ ငါသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲ၌ အဘယ့်ကြောင့် မဖြစ်ဘဲရှိအံ့နည်း”ဟု (ဆင်ခြင်၏)။ ထို ပုဂ္ဂိုလ်သည် အပါယ်လားရမည့် ဘေးကို ကြောက်သဖြင့် ကာယဒုစရိုက်ကို ပယ်စွန့်၍ ကာယသုစရိုက်ကို ပွါးများ၏၊ ဝစီဒုစရိုက်ကို ပယ်စွန့်၍ ဝစီသုစရိုက်ကို ပွါးများ၏၊ မနောဒုစရိုက်ကို ပယ်စွန့်၍ မနော သုစရိုက်ကို ပွါးများ၏၊ စင်ကြယ်သော မိမိကိုယ်ကို ဆောင်၏။ ရဟန်းတို့ ဤသည်ကို ဒုဂ္ဂတိဘေးဟု ဆိုအပ်၏။ ရဟန်းတို့ ဘေးတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။