အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ဘယဝဂ်

၂-ဦမိဘယသုတ်

၁၂၂။ ရဟန်းတို့ ရေသို့ ဆင်းသက်သောသူအား မချွတ်တွေ့ကြုံရမည့် ဘေးတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— လှိုင်းတံပိုးဘေး၊ မိကျောင်းဘေး၊ ဝဲဘေး၊ လင်းပိုင် ‘လပိုင်’ ဘေးတို့တည်း၊ ရဟန်းတို့ ရေသို့ ဆင်းသက်သောသူအား မချွတ်တွေ့ကြုံရမည့် ဘေးတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအတူသာလျှင် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အိမ်ရာထောင်သော ဘဝမှ အိမ်ရာမထောင်သော ဘဝသို့ ဝင်ရောက် (ရဟန်းပြု) သော အချို့သော အမျိုးကောင်းသားအား မချွတ်တွေ့ကြုံရမည့် ဘေးတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— လှိုင်းတံပိုး ဘေး၊ မိကျောင်းဘေး၊ ဝဲဘေး၊ လင်းပိုင် ‘လပိုင်’ ဘေးတို့တည်း။

ရဟန်းတို့ လှိုင်းတံပိုးဘေးဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော အမျိုးကောင်းသားသည် “ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သို့ သက်ဝင်ရ၏၊ ဆင်းရဲသို့ သက်ဝင်ရ၏၊ ဆင်းရဲသည် နှိပ်စက့်အပ်၏၊ ချမ်းသာမဖက် သက်သက်သော ဤဒုက္ခအစု၏ အဆုံးကို ပြုနိုင်ကောင်းတန်ရာ၏”ဟု (နှလုံးပြု၍) သဒ္ဓါတရားဖြင့် အိမ်ရာထောင်သော ဘဝမှ အိမ်ရာမထောင်သော ဘဝသို့ ဝင်ရောက် ရဟန်း ပြု၏။ ထိုသို့ ဝင်ရောက် ရဟန်းပြုသူကို သီတင်းသုံးဖော်တို့က “သင်သည် ဤသို့လျှင် ရှေ့သို့ တက်ရမည် ဤသို့ နောက်သို့ ဆုတ်ရမည် ဤသို့ တူရူကြည့်ရမည် ဤသို့ တစောင်းကြည့်ရမည် ဤသို့ ကွေးရမည် ဤသို့ ဆန့်ရမည် ဤသို့ ဒုကုဋ်သပိတ်သင်္ကန်းကို ဆောင်ရမည်”ဟု သွန်သင်ကုန်၏၊ ဆုံးမကုန်၏။ ထိုရဟန်းအား ဤသို့ အကြံသည် ဖြစ်၏— “ငါတို့သည် ရှေးလူဖြစ်စဉ်က သူတစ်ပါးတို့ကို သွန်သင်လည်း သွန်သင်ခဲ့ကုန်၏၊ ဆုံးမလည်း ဆုံးမခဲ့ကုန်၏၊ ဤရဟန်းတို့သည်ကား ငါတို့၏ သား လောက် မြေးလောက် ရှိကုန်လျက် သွန်သင်ထိုက် ဆုံးမထိုက်၏ဟု မှတ်ထင်ကုန်ဘိ၏”ဟု (ဤအကြံဖြစ်၏)။ ထိုရဟန်းသည် အမျက်ထွက်သည် ဖြစ်၍ စိတ်မချမ်းမြေ့သည် ဖြစ်၍ သိက္ခာချလျက် လူထွက်၏။ ရဟန်းတို့ ဤရဟန်းကို လှိုင်းတံပိုးဘေးကို ကြောက်သဖြင့် သိက္ခာချလျက် လူထွက်သော ရဟန်းဟု ဆိုအပ်၏။ ရဟန်းတို့ “လှိုင်းတံပိုးဘေး”ဟူသော ဤအမည်သည် အမျက်ထွက်ခြင်း ‘ကောဓ’ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’၏ အမည်တည်း။ ရဟန်းတို့ ဤသည်ကို လှိုင်းတံပိုးဘေးဟု ဆိုအပ်၏။

ရဟန်းတို့ မိကျောင်းဘေးဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော အမျိုး ကောင်းသားသည် “ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သို့ သက်ဝင်ရ၏၊ ဆင်းရဲသို့ သက်ဝင်ရ၏၊ ဆင်းရဲသည် နှိပ်စက် အပ်၏၊ ချမ်းသာမဖက် သက်သက်သော ဤဒုက္ခအစု၏ အဆုံးကို ပြုနိုင်ကောင်းတန်ရာ၏”ဟု (နှလုံးပြု၍) သဒ္ဓါတရားဖြင့် အိမ်ရာထောင်သော ဘဝမှ အိမ်ရာမထောင်သော ဘဝသို့ ဝင်ရောက် ရဟန်းပြု၏။ ထိုသို့ ဝင်ရောက် ရဟန်းပြုသူကို သီတင်းသုံးဖော်တို့က “သင်သည် ဤသည်ကို ခဲရမည်၊ ဤသည်ကို မခဲရ၊ ဤသည်ကို စားရမည်၊ ဤသည်ကို မစားရ၊ ဤသည်ကို လျက်ရမည်၊ ဤသည်ကို မလျက်ရ၊ ဤသည်ကို သောက်ရမည်၊ ဤသည်ကို မသောက်ရ၊ သင်သည် အပ်သည်ကိုသာ ခဲရမည်၊ မအပ်သည်ကို မခဲရ၊ အပ်သည်ကိုသာ စားရမည်၊ မအပ်သည်ကို မစားရ၊ အပ်သည်ကိုသာ လျက်ရမည်၊ မအပ်သည်ကို မလျက်ရ၊ အပ်သည်ကိုသာ သောက်ရမည်၊ မအပ်သည်ကို မသောက်ရ၊ သင်သည် နံနက် အခါ၌သာ ခဲရမည်၊ မွန်းလွဲအခါ၌ မခဲရ၊ နံနက်အခါ၌သာ စားရမည်၊ မွန်းလွဲအခါ၌ မစားရ၊ နံနက် အခါ၌သာ လျက်ရမည်၊ မွန်းလွဲအခါ၌ မလျက်ရ၊ နံနက်အခါ၌သာ သောက်ရမည်၊ မွန်းလွဲအခါ၌ မသောက်ရ”ဟု သွန်သင်ကုန်၏၊ ဆုံးမကုန်၏။

ထိုရဟန်းအား ဤသို့ အကြံသည် ဖြစ်၏ “ငါတို့သည် ရှေးလူဖြစ်စဉ်က အလိုရှိသည်ကိုသာ ခဲကုန်၏၊ အလိုမရှိသည်ကို မခဲကုန်၊ အလိုရှိသည်ကိုသာ စားကုန်၏၊ အလိုမရှိသည်ကို မစားကုန်၊ အလိုရှိသည် ကိုသာ လျက်ကုန်၏၊ အလိုမရှိသည်ကို မလျက်ကုန်၊ အလိုရှိသည်ကိုသာ သောက်ကုန်၏၊ အလိုမရှိသည်ကို မသောက်ကုန်၊ အပ်သည်ကိုလည်း ခဲကုန်၏၊ မအပ်သည်ကိုလည်း ခဲကုန်၏၊ အပ်သည် ကိုလည်း စားကုန်၏၊ မအပ်သည်ကိုလည်း စားကုန်၏၊ အပ်သည်ကိုလည်း လျက်ကုန်၏၊ မအပ်သည် ကိုလည်း လျက်ကုန်၏၊ အပ်သည်ကိုလည်းသောက်ကုန်၏၊ မအပ်သည်ကိုလည်းသောက်ကုန်၏၊ နံနက်အခါ၌လည်း ခဲကုန်၏၊ မွန်းလွဲအခါ၌လည်း ခဲကုန်၏၊ နံနက်အခါ၌လည်း စားကုန်၏၊ မွန်းလွဲ အခါ၌လည်း စားကုန်၏၊ နံနက်အခါ၌လည်း လျက်ကုန်၏၊ မွန်းလွဲအခါ၌လည်း လျက်ကုန်၏၊ နံနက် အခါ၌လည်းသောက်ကုန်၏၊ မွန်းလွဲအခါ၌လည်းသောက်ကုန်၏၊ သဒ္ဓါရှိသည့် ဒါယကာတို့သည် နေ့၌သော်လည်းကောင်း၊ မွန်းလွဲအခါ၌ သော်လည်းကောင်း မွန်မြတ်သော ခဲဖွယ်ကို ဖြစ်စေ စားဖွယ်ကို ဖြစ်စေ ငါတို့အား ပေးလှူကုန်၏၊ ထိုသို့ ပေးလှူရာ၌သော်လည်း ဤရဟန်းတို့သည် (ငါတို့) ခံတွင်းကို ပိတ်ဆို့ကြကုန်ယောင်တကား”ဟု (အကြံ ဖြစ်၏)။ ထိုရဟန်းသည် အမျက်ထွက်သည် ဖြစ်၍ စိတ်ချမ်းမြေ့သည် ဖြစ်၍ သိက္ခာချလျက် လူထွက်၏၊ ရဟန်းတို့ ဤရဟန်းကို မိကျောင်းဘေးကို့ကြောက်သဖြင့် သိက္ခာချလျက် လူထွက်သော ရဟန်းဟု ဆိုအပ်၏။ ရဟန်းတို့ “မိကျောင်းဘေး”ဟူသော ဤအမည်သည် ဝမ်းစာရှာမှီးခြင်း၏ အမည်တည်း။ ရဟန်းတို့ ဤသည်ကို မိကျောင်းဘေးဟု ဆိုအပ်၏။

ရဟန်းတို့ ဝဲဘေးဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော အမျိုးကောင်းသားသည် “ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင် ပန်းခြင်းတို့သို့ သက်ဝင်ရ၏၊ ဆင်းရဲသို့ သက်ဝင်ရ၏၊ ဆင်းရဲသည် နှိပ်စက်အပ်၏၊ ချမ်းသာမဖက် သက်သက်သော ဤဒုက္ခအစု၏ အဆုံးကို ပြုနိုင်ကောင်း တန်ရာ၏”ဟု (နှလုံးပြု၍) သဒ္ဓါတရားဖြင့် အိမ်ရာထောင်သော ဘဝမှ အိမ်ရာမထောင်သော ဘဝသို့ ဝင်ရောက် ရဟန်းပြု၏။ ထိုသူသည် ဤသို့ ရဟန်းပြုပြီးသော် နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် ရွာသို့ ဖြစ်စေ နိဂုံးသို့ ဖြစ်စေ မစောင့်စည်းအပ်သည်သာဖြစ်သော ကိုယ် နှုတ် စိတ်ဖြင့် မထင်သော သတိ, မပိတ်ဆို့သော ဣန္ဒြေတို့ဖြင့် ဆွမ်းခံဝင်၏။ ထိုရဟန်းသည် ထို ရွာနိဂုံး၌ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ မွေ့လျော်သော သူကြွယ်ကိုလည်းကောင်း၊ သူကြွယ့် သားကိုလည်းကောင်း မြင်၏။ ထိုရဟန်းအား ဤသို့ အကြံသည်ဖြစ်၏ “ငါတို့သည် ရှေးလူဖြစ်စဉ်က ကာမဂုဏ် ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ မွေ့လျော်ရကုန်၏၊ ငါ၏ အိမ်၌ စည်းစိမ် တို့သည် ရှိကုန်၏၊ စည်းစိမ်ခံစားရန်လည်းကောင်း၊ ကောင်းမှုပြုရန်လည်းကောင်း စွမ်းနိုင်ပါ၏၊ အကယ်၍ ငါသည် သိက္ခာ ချလျက် လူထွက်ပြီးလျှင် စည်းစိမ်တို့ကိုလည်း ခံစား, ကောင်းမှုတို့ကိုလည်း ပြုရပါမူကား ကောင်းပေ လိမ့်မည်”ဟု (အကြံဖြစ်၏)။ ထိုရဟန်းသည် သိက္ခာချလျက် လူထွက်၏၊ ရဟန်းတို့ ဤရဟန်းကို ဝဲဘေးကို ကြောက်သောကြောင့် သိက္ခာချလျက် လူထွက်သော ရဟန်းဟု ဆိုအပ်၏။ ရဟန်းတို့ “ဝဲဘေး”ဟူသော ဤအမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း၊ ရဟန်းတို့ ဤသည်ကို ဝဲဘေးဟု ဆိုအပ်၏။

ရဟန်းတို့ လင်းပိုင် ‘လပိုင်’ ဘေးဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော အမျိုးကောင်းသားသည် “ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ် ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သို့ သက်ဝင်ရ၏၊ ဆင်းရဲသို့ သက်ဝင်ရ၏၊ ဆင်းရဲသည် နှိပ်စက်အပ်၏၊ ချမ်းသာ မဖက် သက်သက်သော ဤဒုက္ခအစု၏ အဆုံးကို ပြုနိုင်ကောင်း တန်ရာ၏”ဟု (နှလုံးပြု၍) သဒ္ဓါတရားဖြင့် အိမ်ရာထောင်သော ဘဝမှ အိမ်ရာမထောင်သော ဘဝသို့ ဝင်ရောက် ရဟန်းပြု၏။ ထိုသူသည် ဤသို့ ရဟန်းပြုပြီးသော် နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် ရွာသို့ဖြစ်စေ နိဂုံးသို့ဖြစ်စေ မစောင့်စည်းအပ်သည်သာ ဖြစ်သော ကိုယ် နှုတ် စိတ်ဖြင့် မထင်သော သတိ, မပိတ်ဆို့သော ဣန္ဒြေတို့ဖြင့် ဆွမ်းခံဝင်၏။ ထိုရဟန်းသည် ထို ရွာနိဂုံး၌ မလုံမခြုံ ဝတ်ဆင်သော မာတုဂါမကို မြင်၍ တပ်မက်ခြင်း ‘ရာဂ’သည် ထိုရဟန်း၏ စိတ်ကို ဖျက်ဆီး၏၊ ထိုရဟန်းသည် ရာဂဖျက်ဆီးသော စိတ်ဖြင့် သိက္ခာချလျက် လူထွက်၏။ ရဟန်းတို့ ဤရဟန်းကို လင်းပိုင် ‘လပိုင်’ ဘေးကို ကြောက်သဖြင့် သိက္ခာချလျက် လူထွက်သော ရဟန်းဟု ဆိုအပ်၏။ ရဟန်းတို့ “လင်းပိုင် ‘လပိုင်’ဘေး”ဟူသော ဤအမည်သည် မာတုဂါမ၏ အမည်တည်း။ ရဟန်းတို့ ဤသည်ကို လင်းပိုင် ‘လပိုင်’ ဘေးဟု ဆိုအပ်၏။ ရဟန်းတို့ ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အိမ်ရာထောင်သော ဘဝမှ အိမ်ရာမထောင်သော ဘဝသို့ ဝင်ရောက်ရဟန်းပြုသော အချို့သော အမျိုးကောင်းသားအား မချွတ် တွေ့ကြုံရမည့် ဘေးတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။