အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ဘယဝဂ်
၄-ဒုတိယ နာနာကရဏသုတ်
၁၂၄။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏၊ ထို ပုဂ္ဂိုလ်သည် ထို ပဌမဈာန်ဘုံ၌ရှိသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကို အမြဲမရှိသောအားဖြင့် ဆင်းရဲသောအားဖြင့် ရောဂါနှင့်တူသောအားဖြင့် အိုင်းအမာနှင့်တူသောအားဖြင့် ငြောင့်နှင့်တူသော အားဖြင့် ဆင်းရဲကိုဖြစ်စေတတ်သောအားဖြင့် အနာနှင့် တူသောအားဖြင့် သူစိမ်းပြင်ပနှင့်တူသောအားဖြင့် ပျက်စီးစေတတ်သော သဘောအားဖြင့် (သတ္တဇီဝမှ) ဆိတ်သုဉ်းသောအားဖြင့် အတ္တမဟုတ်သောအားဖြင့်ဉာဏ်ဖြင့် ကောင်းစွာ ရှု၏။ ထို ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ သုဒ္ဓါဝါသဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသင်းဝင် အဖြစ်သို့ ရောက်၏။ ရဟန်းတို့ ဤသုဒ္ဓါဝါသဘုံ၌ ဖြစ်ရခြင်းသည် ပုထုဇဉ်တို့နှင့် မဆက်ဆံ။
ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သောသူသည် ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ တို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထို ပုဂ္ဂိုလ်သည် စတုတ္ထဈာန်ဘုံ၌ ရှိသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကို အမြဲမရှိသော အားဖြင့် ဆင်းရဲသောအားဖြင့် ရောဂါနှင့်တူသောအားဖြင့် အိုင်းအမာ နှင့်တူသောအားဖြင့် ငြောင့်နှင့်တူသောအားဖြင့် ဆင်းရဲကို ဖြစ်စေတတ်သောအားဖြင့် အနာနှင့်တူသော အားဖြင့် သူစိမ်းပြင်ပနှင့် တူသောအားဖြင့် ပျက်စီးစေတတ်သော သဘောအားဖြင့် (သတ္တဇီဝမှ) ဆိတ်သုဉ်းသောအားဖြင့် အတ္တမဟုတ်သောအားဖြင့် ဉာဏ်ဖြင့် ကောင်းစွာ ရှု၏။ ထို ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ သုဒ္ဓါဝါသဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသင်းဝင် အဖြစ်သို့ ရောက်၏။ ရဟန်းတို့ ဤသုဒ္ဓါဝါသဘုံ၌ ဖြစ်ရခြင်းသည် ပုထုဇဉ်တို့နှင့် မဆက်ဆံ။ ရဟန်းတို့ ဤပုဂ္ဂိုလ် လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။