အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ဘယဝဂ်

၈-ဒုတိယ တထာဂတအစ္ဆရိယသုတ်

၁၂၈။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲဖြစ်သော သဘောတရား လေးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ သတ္တဝါ့အပေါင်းသည် ကပ်ငြိဖွယ် ‘ကာမဂုဏ်ငါးပါး’ လျှင် မွေ့လျော်ရာရှိ၏၊ ကပ်ငြိဖွယ် ‘ကာမဂုဏ် ငါးပါး’ ၌ ပျော်ပိုက်၏၊ ကပ်ငြိဖွယ် ‘ကာမဂုဏ်ငါးပါး’၌ ဝမ်းမြောက်တတ်၏၊ ထို သတ္တဝါအပေါင်းသည် မြတ်စွာဘုရား က မကပ်ငြိကြောင်းတရားကို ဟောအပ်သော် နာခြင်းငှါ အလိုရှိ၏၊ နားထောင်၏၊ သိရန်စိတ်ကို ရှေးရှုထား၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် ပဌမ ဤအံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ဖြစ်သော သဘောသည် ထင်ရှားဖြစ်ပေါ်၏။

ရဟန်းတို့ သတ္တဝါအပေါင်းသည် ထောင်လွှားခြင်း ‘မာန’ လျှင် မွေ့လျော်ရာရှိ၏၊ ထောင်လွှားခြင်း ‘မာန’၌ ပျော်ပိုက်တတ်၏၊ ထောင်လွှားခြင်း ‘မာန’ ၌ ဝမ်းမြောက်တတ်၏၊ ထို သတ္တဝါအပေါင်းသည် မြတ်စွာဘုရားက (ထောင်လွှားခြင်း) မာနပယ်ဖျောက်ကြောင်းတရားကို ဟောအပ်သော် နာခြင်းငှါ အလိုရှိ၏၊ နားထောင်၏၊ သိရန်စိတ်ကို ရှေးရှုထား၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှား ဖြစ်ပေါ်ခြင်းကြောင့် ဒုတိယ ဤအံ့ဖွယ်သရဲ မဖြစ်ဖူးမြဲဖြစ်သော သဘောသည် ထင်ရှားဖြစ်ပေါ်၏။

ရဟန်းတို့ သတ္တဝါအပေါင်းသည် မငြိမ်းချမ်းရာ ‘တေဘူမိကဝဋ်တရား’ လျှင် မွေ့လျော်ရာရှိ၏၊ မငြိမ်းချမ်းရာ ‘တေဘူမိကဝဋ်တရား’၌ ပျော်ပိုက်တတ်၏၊ မငြိမ်းချမ်းရာ ‘တေဘူမိကဝဋ်တရား’ ၌ ဝမ်းမြောက်တတ်၏၊ ထို သတ္တဝါအပေါင်းသည် မြတ်စွာဘုရားက ငြိမ်းချမ်းကြောင်းတရားကို ဟောအပ် သော် နာခြင်းငှါ အလိုရှိ၏၊ နားထောင်၏၊ သိရန်စိတ်ကို ရှေးရှုထား၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် တတိယ ဤအံ့ဖွယ်သရဲ မဖြစ်ဖူးမြဲဖြစ်သော သဘောသည် ထင်ရှားဖြစ်ပေါ်၏။

ရဟန်းတို့ သတ္တဝါအပေါင်းသည် မသိခြင်း ‘အဝိဇ္ဇာ’၌ ဖြစ်၏၊ ဥသဖွယ်ဖြစ်၏၊ ထက်ဝန်းကျင်မှ မြှေးယှက်ခံရ၏၊ ထို သတ္တဝါအပေါင်းသည် မြတ်စွာဘုရားက အဝိဇ္ဇာဖျက်ဆီးကြောင်းတရားကို ဟောအပ် သော် နာခြင်းငှါ အလိုရှိ၏၊ နားထောင်၏၊ သိရန်စိတ်ကို ရှေးရှုထား၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် စတုတ္ထ ဤအံ့ဖွယ်သရဲ မဖြစ်ဖူးမြဲဖြစ်သော သဘောသည် ထင်ရှားဖြစ်ပေါ်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူ သော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲဖြစ်သော ဤသဘောတရား လေးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။