အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ဘယဝဂ်
၉-အာနန္ဒအစ္ဆရိယသုတ်
၁၂၉။ ရဟန်းတို့ အာနန္ဒာ၌ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ဖြစ်ကုန်သော သဘောတရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ရဟန်းပရိသတ်သည် အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့်လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ပရိသတ်သည် ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ်နေသည့်တိုင်အောင် ရဟန်းပရိသတ်သည် မရောင့်ရဲနိုင်သည်သာ ဖြစ်၏။
ရဟန်းတို့ ရဟန်းမိန်းမပရိသတ်သည် အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့်လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ပရိသတ်သည် ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ့်နေသည့်တိုင်အောင် ရဟန်းမိန်းမပရိသတ်သည် မရောင့်ရဲနိုင်သည်သာ ဖြစ်၏။
ရဟန်းတို့ ဥပါသကာပရိသတ်သည် အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့်လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ပရိသတ်သည် ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ် နေသည့်တိုင်အောင် ဥပါသကာပရိသတ်သည် မရောင့်ရဲနိုင်သည်သာ ဖြစ်၏။
ရဟန်းတို့ ဥပါသိကာမပရိသတ်သည် အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့်လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ပရိသတ်သည် ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကိုရုပ်သိမ်း၍ ဆိတ်ဆိတ်နေသည့်တိုင်အောင် ဥပါသိကာမပရိသတ်သည် မရောင့်ရဲနိုင်သည်သာ ဖြစ်၏။ ရဟန်းတို့ အာနန္ဒာ၌ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ဖြစ်ကုန်သော သဘောတရားတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။