အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ဘယဝဂ်
၁ဝ-စက္ကဝတ္တိအစ္ဆရိယသုတ်
၁၃ဝ။ ရဟန်းတို့ စကြဝတေးမင်း၌ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ဖြစ်ကုန်သော သဘောတရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ မင်းပရိသတ်သည် စကြဝတေးမင်းကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို မင်းပရိသတ်သည် ဖူးမြော်ရသဖြင့်လည်း နှစ်ခြိုက်၏၊ ထို မင်း ပရိသတ်၌ စကြဝတေးမင်းသည် စကားပြောအံ့၊ ထို ပရိသတ်သည် ပြောသောစကားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ စကြဝတေးမင်းသည် စကားကို ရုပ်သိမ်း၍ ဆိတ်ဆိတ်နေသည့်တိုင်အောင် မင်းပရိသတ်သည် မရောင့်ရဲနိုင်သည်သာ ဖြစ်၏။
ရဟန်းတို့ ပုဏ္ဏားပရိသတ်သည် စကြဝတေးမင်းကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပုဏ္ဏား ပရိသတ်သည် ဖူးမြော်ရသဖြင့်လည်း နှစ်ခြိုက်၏၊ ထို ပုဏ္ဏားပရိသတ်၌ စကြဝတေးမင်းသည် စကား ပြောအံ့၊ ထို ပရိသတ်သည် ပြောသော စကားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ စကြဝတေးမင်းသည် စကားကို ရုပ်သိမ်း၍ ဆိတ်ဆိတ်နေသည့်တိုင်အောင် ပုဏ္ဏားပရိသတ်သည် မရောင့်ရဲနိုင်သည်သာ ဖြစ်၏။
ရဟန်းတို့ သူကြွယ်ပရိသတ်သည် စကြဝတေးမင်းကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထိုသူကြွယ်ပရိသတ်သည် ဖူးမြော်ရသဖြင့်လည်း နှစ်ခြိုက်၏၊ ထိုသူကြွယ်ပရိသတ်၌ စကြဝတေးမင်းသည် စကားပြောအံ့၊ ထို ပရိသတ်သည် ပြောသော စကားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ စကြဝတေးမင်းသည် စကားကို ရုပ်သိမ်း၍ ဆိတ်ဆိတ်နေသည့်တိုင်အောင် သူကြွယ်ပရိသတ်သည် မရောင့်ရဲနိုင်သည်သာ ဖြစ်၏။
ရဟန်းတို့ ရဟန်းပရိသတ်သည် စကြဝတေးမင်းကို ကြည့်ရှုရန် အကယ်၍ ချဉ်းကပ်အံ့၊ ထိုရဟန်း ပရိသတ်သည် ကြည့်ရှုရသဖြင့်လည်း နှစ်ခြိုက်၏၊ ထိုရဟန်းပရိသတ်၌ စကြဝတေးမင်းသည် အကယ်၍ စကားပြောအံ့၊ ထိုရဟန်းပရိသတ်သည် ပြောသော စကားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ စကြဝတေး မင်းသည် စကားကို ရုပ်သိမ်း၍ ဆိတ်ဆိတ်နေသည့်တိုင်အောင် ရဟန်းပရိသတ်သည် မရောင့်ရဲနိုင်သည်သာ ဖြစ်၏။ ရဟန်းတို့ စကြဝတေးမင်း၌ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ဖြစ်ကုန်သော သဘောတရားတို့သည် ဤလေးမျိုးတို့တည်း။
ရဟန်းတို့ ဤအတူပင်လျှင် အာနန္ဒာ၌ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ဖြစ်ကုန်သော သဘောတရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ရဟန်းယောကျာ်း ပရိသတ်သည် အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့်လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ်နေသည့်တိုင်အောင် ရဟန်းပရိသတ်သည် မရောင့်ရဲနိုင်သည်သာ ဖြစ်၏။
ရဟန်းတို့ ရဟန်းမိန်းမပရိသတ်သည်။ပ။ ရဟန်းတို့ ဥပါသကာယောကျာ်း ပရိသတ်သည်။ပ။ ရဟန်းတို့ ဥပါသိကာမပရိသတ်သည် အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့်လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည် အကယ်၍တရားဟောအံ့၊ ထို ပရိသတ်သည် ထို ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ်နေသည့်တိုင်အောင် ဥပါသိကာမပရိသတ်သည် မရောင့်ရဲနိုင်သည်သာ ဖြစ်၏။ ရဟန်းတို့ အာနန္ဒာ၌ အံ့ဖွယ်သရဲဖြစ်ကုန်သော မဖြစ်ဖူးမြဲ ဖြစ်ကုန်သော သဘောတရားတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
သုံးခုမြောက် ဘယဝဂ် ပြီး၏။