အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ပုဂ္ဂလဝဂ်
၄-ဥဋ္ဌာနဖလသုတ်
၁၃၄။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— ထကြွလုံ့လ၏ အကျိုးကိုသာ မှီ၍ အသက်မွေးလျက် ကံ၏ အကျိုးကိုမှီ၍ အသက် မမွေးသော ပုဂ္ဂိုလ်၊ ကံ၏ အကျိုးကိုသာ မှီ၍ အသက်မွေးလျက် ထကြွလုံ့လ၏ အကျိုးကို မှီ၍ အသက် မမွေးသော ပုဂ္ဂိုလ်၊ ထကြွ လုံ့လ၏ အကျိုးကို မှီ၍လည်း အသက်မွေး, ကံ၏ အကျိုးကို မှီ၍လည်း အသက်မွေးသော ပုဂ္ဂိုလ်၊ ထကြွ လုံ့လ၏ အကျိုးကို မှီ၍လည်း အသက်မမွေး, ကံ၏ အကျိုးကို မှီ၍့လည်း အသက်မမွေးသော ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။