အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ပုဂ္ဂလဝဂ်
၅-သာဝဇ္ဇသုတ်
၁၃၅။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— အပြစ်ရှိသောပုဂ္ဂိုလ်၊ အပြစ်များသောပုဂ္ဂိုလ်၊ အပြစ်နည်းသောပုဂ္ဂိုလ်၊ အပြစ်မရှိသော ပုဂ္ဂိုလ်တို့တည်း။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အပြစ်ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အပြစ်ရှိသော ကာယကံနှင့် ပြည့်စုံ၏၊ အပြစ်ရှိသော ဝစီကံနှင့် ပြည့်စုံ၏၊ အပြစ်ရှိသော မနောကံနှင့် ပြည့်စုံ၏၊ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အပြစ်ရှိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အပြစ်များသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အပြစ်ရှိသော ကာယကံနှင့် ပြည့်စုံသည်က များ၏၊ အပြစ်မရှိသော ကာယကံနှင့် ပြည့်စုံသည်ကား အနည်းငယ်သာတည်း။ အပြစ်ရှိသော ဝစီကံနှင့် ပြည့်စုံသည်က များ၏၊ အပြစ်မရှိသော ဝစီကံနှင့် ပြည့်စုံသည်ကား အနည်းငယ်သာတည်း။ အပြစ်ရှိသော မနောကံနှင့် ပြည့်စုံသည်က များ၏၊ အပြစ်မရှိသော မနောကံနှင့် ပြည့်စုံသည်ကား အနည်းငယ်သာတည်း။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အပြစ်များ၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အပြစ်နည်းသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အပြစ်မရှိသော ကာယကံနှင့်ပြည့်စုံသည်က များ၏၊ အပြစ်ရှိသော ကာယကံနှင့် ပြည့်စုံသည်ကား အနည်းငယ်သာတည်း။ အပြစ်မရှိသော ဝစီကံနှင့် ပြည့်စုံသည်က များ၏၊ အပြစ်ရှိသော ဝစီကံနှင့် ပြည့်စုံသည်ကား အနည်းငယ်သာတည်း။ အပြစ်မရှိသော မနောကံနှင့် ပြည့်စုံသည်က များ၏၊ အပြစ်ရှိသော မနောကံနှင့် ပြည့်စုံသည်ကား အနည်းငယ်သာတည်း။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အပြစ်နည်း၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အပြစ်မရှိသနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အပြစ်မရှိသော ကာယကံနှင့် ပြည့်စုံ၏၊ အပြစ်မရှိသော ဝစီကံနှင့် ပြည့်စုံ၏၊ အပြစ်မရှိသော မနောကံနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အပြစ်မရှိ။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။