အင်္ဂုတ္တရနိကာယ်

(၁၈) ၃-သေဉ္စတနိယဝဂ်

၁-စေတနာသုတ်

၁၇၁။ ရဟန်းတို့ မသိခြင်း ‘အဝိဇ္ဇာ’ဟူသော အကြောင်းကြောင့်သာလျှင် ကိုယ် (ကာယဒွါရ) ရှိလတ် သော် ကိုယ် (ကာယဒွါရ)၌ ဖြစ်သော လှုံ့ဆော်မှု ‘စေတနာ’ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏၊ ရဟန်းတို့ နှုတ် (ဝစီဒွါရ) ရှိလတ်သော် နှုတ် (ဝစီဒွါရ) ၌ ဖြစ်သော လှုံ့ဆော်မှု ‘စေတနာ’ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်ပေါ်၏၊ ရဟန်းတို့ စိတ် (မနောဒွါရ) ရှိလတ်သော် စိတ် (မနောဒွါရ) ၌ ဖြစ်သော လှုံ့ဆော်မှု ‘စေတနာ’ဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏။

ရဟန်းတို့ ထို ပုဂ္ဂိုလ်အား အကြင် ကာယသင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏၊ ကိုယ်တိုင်မူလည်း ထို ကာယသင်္ခါရကို ပြုစီရင်၏။ ရဟန်းတို့ ထို ပုဂ္ဂိုလ်အား အကြင် ကာယသင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏၊ ရဟန်း တို့ သူတစ်ပါးတို့သည်မူလည်း ထို ပုဂ္ဂိုလ်၏ ထို ကာယသင်္ခါရကို ပြုစီရင်ကြကုန်၏။ ရဟန်းတို့ ထို ပုဂ္ဂိုလ် အား အကြင် ကာယသင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏၊ ကောင်းစွာ သိလျက်မူလည်း ထို ကာယသင်္ခါရကို ပြုစီရင်၏။ ရဟန်းတို့ ထို ပုဂ္ဂိုလ်အား အကြင် ကာယ သင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏၊ ကောင်းစွာ မသိဘဲ လျက်မူလည်း ထို ကာယသင်္ခါရကို ပြုစီရင်၏။

ရဟန်းတို့ ထို ပုဂ္ဂိုလ်အား အကြင် ဝစီသင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏၊ ကိုယ်တိုင်မူလည်း ထို ဝစီသင်္ခါရကို ပြုစီရင်၏။ ရဟန်းတို့ ထို ပုဂ္ဂိုလ်အား အကြင် ဝစီသင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏၊ ရဟန်းတို့ သူတစ်ပါးတို့သည်မူလည်း ထို ပုဂ္ဂိုလ်၏ ထို ဝစီသင်္ခါရကို ပြုစီရင်ကြကုန်၏။ ရဟန်းတို့ ထို ပုဂ္ဂိုလ်အား အကြင် ဝစီသင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်ပေါ်၏၊ ကောင်းစွာ သိလျက်မူလည်း ထို ဝစီသင်္ခါရကို ပြုစီရင်၏။ ရဟန်းတို့ ထို ပုဂ္ဂိုလ်အား အကြင် ဝစီသင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်ပေါ်၏၊ ကောင်းစွာ မသိဘဲလျက်မူလည်း ထို ဝစီသင်္ခါရကို ပြုစီရင်၏။

ရဟန်းတို့ ထို ပုဂ္ဂိုလ်အား အကြင် မနော သင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏၊ ကိုယ်တိုင်မူလည်း ထို မနော သင်္ခါရကို ပြုစီရင်၏။ ရဟန်းတို့ ထို ပုဂ္ဂိုလ်အား အကြင် မနော သင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏။ ရဟန်း တို့ သူတစ်ပါးတို့သည်မူလည်း ထို ပုဂ္ဂိုလ်၏ ထို မနော သင်္ခါရကို ပြုစီရင်ကြကုန်၏။ ရဟန်းတို့ ထို ပုဂ္ဂိုလ် အား အကြင် မနော သင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်ပေါ်၏၊ ကောင်းစွာ သိလျက်မူလည်း ထို မနော သင်္ခါရကို ပြုစီရင်၏။ ရဟန်းတို့ ထို ပုဂ္ဂိုလ်အား အကြင် မနော သင်္ခါရဟူသော အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်ပေါ်၏၊ ကောင်းစွာ မသိဘဲလျက် မူလည်း ထို မနော သင်္ခါရကို ပြုစီရင်၏။

ဤစေတနာတရားတို့၌ မသိခြင်း ‘အဝိဇ္ဇာ’သည် အဖန်ဖန် ကျရောက်၏၊ မသိခြင်း ‘အဝိဇ္ဇာ’၏ သာလျှင် (အရဟတ္တမဂ်) ဖြင့် အကြွင်းမဲ့ကင်းခြင်း ချုပ်ခြင်းကြောင့် ထို ပုဂ္ဂိုလ်အား အကြင် (ကာယ သင်္ခါရဟူသော) အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်ပေါ်၏၊ ထို ကိုယ် ‘ကာယသင်္ခါရ’သည် မဖြစ်။ ထို ပုဂ္ဂိုလ်အား အကြင် (ဝစီသင်္ခါရဟူသော) အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏၊ ထို စကား ‘ဝစီသင်္ခါရ’သည် မဖြစ်။ ထို ပုဂ္ဂိုလ်အား အကြင် (မနော သင်္ခါရဟူသော) အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်ပေါ်၏၊ ထို စိတ် ‘မနော သင်္ခါရ’သည် မဖြစ်။ ထို ပုဂ္ဂိုလ်အား အကြင် စေတနာကံ အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏၊ ထို လယ်မြေသဖွယ်ဖြစ်သော စေတနာကံသည် မဖြစ်။ပ။ ထို ယာမြေသဖွယ်ဖြစ်သော စေတနာကံသည် မဖြစ်။ပ။ ထို အကြောင်းသည် မဖြစ်။ပ။ အကြင် အကြောင်းကြောင့် မိမိသန္တာန်၌ ချမ်းသာ ဆင်းရဲသည် ဖြစ်ပေါ်၏၊ ထို တည်ရာအကြောင်းသည် မဖြစ်။

ရဟန်းတို့ အတ္တဘောကို ရခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ အကြင် အတ္တဘောကို ရခြင်း၌ မိမိ၏ လှုံ ့ဆော်မှု ‘စေတနာ’သည် ဖြစ်၏၊ သူတစ်ပါး၏ လှုံ ့ဆော်မှု ‘စေတနာ’သည် မဖြစ်၊ ထို အတ္တဘောကို ရခြင်းမျိုးသည် ရှိ၏။ ရဟန်းတို့ အကြင် အတ္တဘော ကို ရခြင်း၌ သူတစ်ပါး၏ လှုံ ့ဆော်မှု ‘စေတနာ’သည် ဖြစ်၏၊ မိမိ၏ လှုံ ့ဆော်မှု ‘စေတနာ’သည် မဖြစ်၊ ထို အတ္တဘောကို ရခြင်းမျိုးသည် ရှိ၏။ ရဟန်းတို့ အကြင် အတ္တဘောကို ရခြင်း၌ မိမိ၏ လှုံ ့ဆော်မှု ‘စေတနာ’သည်လည်း ဖြစ်၏၊ သူတစ်ပါး၏ လှုံ ့ဆော်မှု’စေတနာ’သည်လည်း ဖြစ်၏၊ ထို အတ္တဘောကို ရခြင်းမျိုးသည် ရှိ၏။ ရဟန်းတို့ အကြင် အတ္တဘောကို ရခြင်း၌ မိမိ၏ လှုံ ့ဆော်မှု ‘စေတနာ’သည်လည်း မဖြစ်၊ သူတစ်ပါး၏ လှုံ ့ဆော်မှု ‘စေတနာ’သည်လည်း မဖြစ်၊ ထို အတ္တဘောကို ရခြင်းမျိုးသည် ရှိ၏။ ရဟန်းတို့ အတ္တဘောကို ရခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဤသို့ ဟောအပ်သော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းဟောတော်မူအပ်သော ဤတရား၏ အနက်ကို တပည့်တော်သည် အကျယ်အားဖြင့် ဤသို့ သိပါသည်၊ အသျှင်ဘုရား ထို (အတ္တဘောကို ရခြင်း) တို့တွင် အကြင် အတ္တဘောကို ရခြင်းသည် ရှိ၏၊ ယင်းအတ္တဘောကို ရခြင်း၌ မိမိ၏ စေတနာသည် ဖြစ်၏၊ သူတစ်ပါး၏ စေတနာသည် မဖြစ်၊ မိမိ၏ စေတနာဟူသော အကြောင်းကြောင့် ထို သတ္တဝါတို့၏ ထို ကိုယ်မှ ရွေ့လျောခြင်းသည် ဖြစ်၏။ အသျှင်ဘုရား ထို (အတ္တဘောကို ရခြင်း) တို့တွင် အကြင် အတ္တဘောကို ရခြင်းသည် ရှိ၏၊ ယင်းအတ္တဘောကို ရခြင်း၌ သူတစ်ပါး၏ စေတနာသည် ဖြစ်၏၊ မိမိ၏ စေတနာသည် မဖြစ်၊ သူတစ်ပါး၏ စေတနာဟူသော အကြောင်းကြောင့် ထို သတ္တဝါတို့၏ ထို ကိုယ်မှ ရွေ့လျောခြင်းသည် ဖြစ်၏။ အသျှင်ဘုရား ထို (အတ္တဘောကို ရခြင်း) တို့တွင် အကြင် အတ္တဘောကို ရခြင်းသည် ရှိ၏၊ ယင်း အတ္တဘောကို ရခြင်း၌ မိမိ၏ စေတနာသည်လည်း ဖြစ်၏၊ သူတစ်ပါး၏ စေတနာသည်လည်း ဖြစ်၏၊ မိမိစေတနာ, သူတစ်ပါးစေတနာဟူသော အကြောင်းကြောင့် ထို သတ္တဝါတို့၏ ထို ကိုယ်မှ ရွေ့လျောခြင်းသည် ဖြစ်၏။ အသျှင်ဘုရား ထို (အတ္တဘောကို ရခြင်း) တို့တွင် အကြင် အတ္တဘောကို ရခြင်းသည် ရှိ၏၊ ယင်းအတ္တဘောကို ရခြင်း၌ မိမိ၏ စေတနာလည်း မဖြစ်၊ သူတစ်ပါး၏ စေတနာလည်း မဖြစ်၊ ထို အကြောင်းဖြင့် အဘယ်နတ်ဗြဟ္မာတို့ကို မှတ်အပ်ပါကုန်သနည်းဟု (လျှောက်၏)။ သာရိပုတြာ ထို အကြောင်းဖြင့် နေဝသညာနာသညာယတနဘုံသို့ ရောက်ကုန်သော ထို ဗြဟ္မာတို့ကို မှတ်အပ်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကြင် အကြောင်း အထောက်အပံ့ကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ထို ကိုယ်မှ ရွေ့လျောကုန်သော် ဤကာမဘုံသို့ လာရောက်တတ်သောကြောင့် အာဂါမီပုဂ္ဂိုလ်တို့ မည်ကုန်၏၊ ထို အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဘုရား အကြင် အကြောင်းအထောက်အပံ့ကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ထို ကိုယ်မှ ရွေ့လျောကုန်သော် ဤကာမဘုံသို့ မလာ ရောက်တတ်သောကြောင့် အနာဂါမီပုဂ္ဂိုလ်တို့ မည်ကုန်၏၊ ထို အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။ သာရိပုတြာ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် အောက်ပိုင်း သံယောဇဉ်တို့ကို မပယ်ကုန်၊ ထို ပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ပင် နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏၊ ထို ပုဂ္ဂိုလ်သည် ထို ဈာန်ကို သာယာ၏၊ ထို ဈာန်ကို အလိုရှိ၏၊ ထို ဈာန်ဖြင့် နှစ်သိမ့်ခြင်း သို့ ရောက်၏၊ ထို ဈာန်၌ တည်လျက် ထို ဈာန်ကို နှလုံးသွင်း၍ ထို ဈာန်၌ အကြိမ်များစွာ နေလေ့ရှိသည်, မယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေခြင်းကို ပြုလတ်သော် နေဝသညာနာသညာယတနဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထို ပုဂ္ဂိုလ်သည် ထို ဘုံမှ ရွေ့လျောလတ်သော် ဤကာမဘုံသို့ လာရောက်တတ်သောကြောင့် အာဂါမီပုဂ္ဂိုလ် မည်၏။

သာရိပုတြာ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ်တို့ကို ပယ်ကုန်၏၊ ထို ပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ပင် နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏၊ ထို ပုဂ္ဂိုလ်သည် ထို ဈာန်ကို သာယာ၏၊ ထို ဈာန်ကို အလိုရှိ၏၊ ထို ဈာန်ဖြင့် နှစ်သိမ့်ခြင်းသို့ ရောက်၏၊ ထို ဈာန်၌ တည်လျက် ထို ဈာန်ကို နှလုံးသွင်း၍ ထို ဈာန်၌ အကြိမ်များစွာ နေလေ့ရှိသည်, မယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေခြင်းကို ပြုလတ်သော် နေဝသညာနာသညာယတနဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထို ပုဂ္ဂိုလ်သည် ထို ဘုံမှ ရွေ့လျောလတ်သော် ဤ(ခန္ဓာငါးပါးရှိ) ဘုံသို့ မလာရောက်တတ်သောကြောင့် အနာဂါမီပုဂ္ဂိုလ် မည်၏၊ သာရိပုတြာ အကြင် (သြရ မ္ဘာဂိယသံယောဇဉ်ကို မပယ်ခြင်းဟူသော) အကြောင်းအထောက်အပံ့ကြောင့် အချို့သော သတ္တဝါတို့သည် ထို ကိုယ်မှ ရွေ့လျော ကုန်လတ်သော် ဤကာမဘုံသို့လာရောက်တတ်သောကြောင့် အာဂါမီပုဂ္ဂိုလ်တို့ မည်ကုန်၏၊ ဤသည်ကား အကြောင်း အထောက်အပံ့တည်း။ သာရိပုတြာ အကြင် (သြရ မ္ဘာဂိယသံယောဇဉ်ကို ပယ်ခြင်းဟူသော) အကြောင်းအထောက်အပံ့ကြောင့် အချို့သော သတ္တဝါတို့သည် ထို ကိုယ်မှ ရွေ့လျောကုန်လတ်သော် ဤ(ခန္ဓာငါးပါးရှိ) ဘုံသို့ မလာရောက်တတ်သောကြောင့် အနာဂါမီပုဂ္ဂိုလ် မည်ကုန်၏။ ဤသည်ကား အကြောင်း အထောက်အပံ့တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။