အင်္ဂုတ္တရနိကာယ်
(၂ဝ) ၅-မဟာဝဂ်
၂-ဌာနသုတ်
၁၉၂။ ရဟန်းတို့ ဤအကြောင်းလေးမျိုးတို့ကို အကြောင်းလေးမျိုးတို့ဖြင့် သိအပ်ကုန်၏။ အဘယ် လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ အတူနေခြင်းဖြင့် သီလကို သိနိုင်၏၊ ထို သီလကိုလည်း ကြာမြင့်မှသာ သိနိုင်၏၊ ခဏတစ်ဖြုတ်ဖြင့်ကား မသိနိုင်၊ နှလုံးသွင်းသူသည်သာ သိနိုင်၏၊ နှလုံးမသွင်းသူကား မသိနိုင်၊ ပညာရှိသူသာ သိနိုင်၏၊ ပညာမရှိသူကား မသိနိုင်။ ရဟန်းတို့အတူ ပြောဆိုခြင်းဖြင့် စင်ကြယ်ခြင်းကို သိနိုင်၏၊ ထို စင်ကြယ်ခြင်းကိုလည်း ကြာမြင့်မှသာ သိနိုင်၏၊ ခဏတစ်ဖြုတ်ဖြင့်ကား မသိနိုင်၊ နှလုံးသွင်း သူသည်သာ သိနိုင်၏၊ နှလုံးမသွင်းသူကား မသိနိုင်၊ ပညာရှိသူသာ သိနိုင်၏၊ ပညာမရှိသူကား မသိနိုင်။ ရဟန်းတို့ ဘေးရန်တို့၌ အစွမ်းကို သိနိုင်၏၊ ထို အစွမ်းကိုလည်း ကြာမြင့်မှသာ သိနိုင်၏၊ ခဏ တစ်ဖြုတ်ဖြင့်ကား မသိနိုင်၊ နှလုံးသွင်းသူသည်သာ သိနိုင်၏၊ နှလုံးမသွင်းသူကား မသိနိုင်၊ ပညာရှိ သူသာ သိနိုင်၏၊ ပညာမရှိသူကား မသိနိုင်။ ရဟန်းတို့ ဆွေးနွေးခြင်းဖြင့် ပညာကို သိနိုင်၏၊ ထို ပညာကိုလည်း ကြာမြင့်မှသာ သိနိုင်၏၊ ခဏတစ်ဖြုတ်ဖြင့်ကား မသိနိုင်၊ နှလုံးသွင်းသူသည်သာ သိနိုင်၏၊ နှလုံးမသွင်းသူကား မသိနိုင်၊ ပညာရှိသူသာ သိနိုင်၏၊ ပညာမရှိသူကား မသိနိုင်။
“ရဟန်းတို့ အတူနေခြင်းဖြင့် သီလကို သိနိုင်၏၊ ထို သီလကိုလည်း ကြာမြင့်မှသာ သိနိုင်၏၊ ခဏ တစ်ဖြုတ်ဖြင့်ကား မသိနိုင်၊ နှလုံးသွင်းသူသည်သာ သိနိုင်၏၊ နှလုံးမသွင်းသူကား မသိနိုင်၊ ပညာရှိ သူသာ သိနိုင်၏၊ ပညာမရှိသူကား မသိနိုင်”ဟူသော ဤစကားကို အဘယ်အကြောင်းကို စွဲ၍ ဆိုအပ် သနည်း၊ ရဟန်းတို့ ဤလောက၌ ပုဂ္ဂိုလ်အချင်းချင်း အတူနေသည်ရှိသော် “ဤအသျှင်သည် ကာလ ကြာမြင့်စွာ သီလတို့၌ ကျိုး ပေါက် ပြောက် ကျားသည်ကို ပြုလေ့ရှိ၏၊ မြဲအောင် ပြုလေ့မရှိ၊ သီလဖြင့် အမြဲအသက်မွေးလေ့ မရှိ၊ ဤအသျှင်သည် ဒုဿီလတည်း၊ ဤအသျှင်သည် သီလရှိသူ မဟုတ်”ဟု သိ၏။
ရဟန်းတို့ ဤလောက၌ ပုဂ္ဂိုလ်အချင်းချင်း အတူနေသည်ရှိသော် “ဤအသျှင်သည် ကာလ ကြာမြင့်စွာ သီလတို့၌ ကျိုး ပေါက် ပြောက် ကျားသည်ကို ပြုလေ့မရှိ၊ မြဲအောင် ပြုလေ့ရှိ၏၊ သီလဖြင့် အမြဲအသက်မွေးလေ့ ရှိ၏၊ ဤအသျှင်သည် သီလရှိ၏၊ ဤအသျှင်သည် ဒုဿီလမဟုတ်”ဟု သိ၏။
“ရဟန်းတို့ အတူနေခြင်းဖြင့် သီလကို သိနိုင်၏၊ ထို သီလကိုလည်း ကြာမြင့်မှသာ သိနိုင်၏၊ ခဏ တစ်ဖြုတ်ဖြင့်ကား မသိနိုင်၊ နှလုံးသွင်းသူသည်သာ သိနိုင်၏၊ နှလုံးမသွင်းသူကား မသိနိုင်၊ ပညာရှိသူ သာ သိနိုင်၏၊ ပညာမရှိသူကား မသိနိုင်”ဟူသော ယင်းစကားကို ဤအကြောင်းကို စွဲ၍ ဆိုအပ်၏။ (၁)
“ရဟန်းတို့ အတူပြောဆိုခြင်းဖြင့် စင်ကြယ်ခြင်းကို သိနိုင်၏၊ ထို စင်ကြယ်ခြင်းကိုလည်း ကြာမြင့်မှသာ သိနိုင်၏၊ ခဏတစ်ဖြုတ်ဖြင့်ကား မသိနိုင်၊ နှလုံးသွင်းသူသည်သာ သိနိုင်၏၊ နှလုံးမသွင်းသူကား မသိနိုင်၊ ပညာရှိသူသာ သိနိုင်၏၊ ပညာမရှိသူကား မသိနိုင်”ဟူသော ဤစကားကို အဘယ်အကြောင်းကို စွဲ၍ ဆိုအပ်သနည်း၊ ရဟန်းတို့ ဤလောက၌ ပုဂ္ဂိုလ်အချင်းချင်း အတူပြောဆိုသည်ရှိသော် “ဤအသျှင်သည် တစ်ယောက်ချင်းချင်း တစ်မျိုးပြော၏၊ နှစ်ယောက်သော သူတို့နှင့် တစ်မျိုးပြောပြန်၏၊ သုံးယောက်သော သူတို့နှင့် တစ်မျိုးပြောပြန်၏၊ များစွာသော သူတို့နှင့် တစ်မျိုးပြောပြန်၏၊ ဤအသျှင်သည် ရှေးစကားမှ နောက်စကားသို့ ပြောင်း၏၊ ဤအသျှင်သည် မစင်ကြယ်သော စကားရှိ၏၊ ဤအသျှင်သည် စင်ကြယ်သော စကားရှိသည် မဟုတ်”ဟု သိ၏။
ရဟန်းတို့ ဤလောက၌ ပုဂ္ဂိုလ်အချင်းချင်း အတူပြောဆိုသည်ရှိသော် “ဤအသျှင်သည် တစ်ယောက် ချင်းချင်း ပြောဆိုသကဲ့သို့ပင် နှစ်ယောက်သော သူနှင့်လည်းနည်းတူ ပြောဆို၏၊ သုံးယောက်သော သူတို့နှင့်လည်းနည်းတူ ပြောဆို၏၊ များစွာသော သူတို့နှင့်လည်းနည်းတူ ပြောဆို၏၊ ဤအသျှင်သည် ရှေးစကားမှ နောက်စကားသို့ မပြောင်း၊ ဤအသျှင်သည် စင်ကြယ်သော စကားရှိ၏၊ ဤအသျှင်သည် မစင်ကြယ်သော စကားရှိသည် မဟုတ်”ဟု သိ၏။ “ရဟန်းတို့ အတူပြောဆိုခြင်းဖြင့် စင်ကြယ်ခြင်းကို သိနိုင်၏၊ ထို စင်ကြယ်ခြင်းကိုလည်း ကြာမြင့်မှသာ သိနိုင်၏၊ ခဏတစ်ဖြုတ်ဖြင့်ကား မသိနိုင်၊ နှလုံးသွင်းသူသည်သာ သိနိုင်၏၊ နှလုံးမသွင်းသူကား မသိနိုင်၊ ပညာရှိသူသာ သိနိုင်၏၊ ပညာမရှိသူကား မသိနိုင်”ဟူသော ယင်းစကားကို ဤအကြောင်းကို စွဲ၍ ဆိုအပ်၏။ (၂)
“ရဟန်းတို့ ဘေးရန်တို့၌ အစွမ်းကို သိနိုင်၏၊ ထို အစွမ်းကိုလည်း ကြာမြင့်မှသာ သိနိုင်၏၊ ခဏတစ်ဖြုတ်ဖြင့်ကား မသိနိုင်၊ နှလုံးသွင်းသူသည်သာ သိနိုင်၏၊ နှလုံးမသွင်းသူကား မသိနိုင်၊ ပညာရှိ သူသာ သိနိုင်၏၊ ပညာမရှိသူကား မသိနိုင်”ဟူသော ဤစကားကို အဘယ်အကြောင်းကို စွဲ၍ ဆိုအပ် သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆွေမျိုးတို့၏ ပျက်စီးခြင်းဖြင့် တွေ့ကြုံသော်လည်းကောင်း၊ စည်းစိမ်ပျက်စီးခြင်းဖြင့် တွေ့ကြုံသော်လည်းကောင်း၊ အနာရောဂါဟူသော ပျက်စီးခြင်းဖြင့် တွေ့ကြုံသော်လည်းကောင်း “လာဘ်ရခြင်း လာဘ်မရခြင်း အခြံအရံရှိခြင်း အခြံအရံမရှိခြင်း ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းဟူသော လောကဓံတရားရှစ်ပါးတို့သည် လောကသို့ အစဉ်လိုက် ကုန်၍ လောကသည်လည်း လောကဓံတရားရှစ်ပါးသို့ အစဉ်လိုက်သော အခြင်းအရာအားဖြင့်သာလျှင် လောက၌ နေထိုင်ရခြင်း အတ္တဘောကို ရခြင်းသည် ဖြစ်နေ၏”ဟု မဆင်ခြင်။ ထိုသူသည် ဆွေမျိုးတို့၏ ပျက်စီးခြင်းဖြင့် တွေ့ကြုံသော်လည်းကောင်း၊ စည်းစိမ်ပျက်စီးခြင်းဖြင့် တွေ့ကြုံသော်လည်းကောင်း၊ အနာရောဂါဟူသော ပျက်စီးခြင်းဖြင့် တွေ့ကြုံသော်လည်းကောင်း စိုးရိမ်၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ ပြင်းစွာ တွေဝေခြင်းသို့ ရောက်၏။
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆွေမျိုးတို့၏ ပျက်စီးခြင်းဖြင့် တွေ့ကြုံသော်လည်းကောင်း၊ စည်းစိမ်ပျက်စီးခြင်းဖြင့် တွေ့ကြုံသော်လည်းကောင်း၊ အနာရောဂါဟူသော ပျက်စီးခြင်းဖြင့် တွေ့ကြုံသော်လည်းကောင်း “လာဘ်ရခြင်း လာဘ်မရခြင်း အခြံအရံရှိခြင်း အခြံအရံမရှိခြင်း ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းဟူသော လောကဓံတရားရှစ်ပါးတို့သည် လောကသို့ အစဉ်လိုက် ကုန်၍ လောကသည်လည်း လောကဓံတရားရှစ်ပါးသို့ အစဉ်လိုက်သော အခြင်းအရာအားဖြင့်သာလျှင် လောက၌ နေထိုင်ရခြင်း အတ္တဘောကို ရခြင်းသည် ဖြစ်နေ၏”ဟု ဆင်ခြင်၏။ ထို ပုဂ္ဂိုလ်သည် ဆွေမျိုးတို့၏ ပျက်စီးခြင်းဖြင့် တွေ့ကြုံသော်လည်းကောင်း၊ စည်းစိမ်ပျက်စီးခြင်းဖြင့် တွေ့ကြုံသော်လည်း့ကောင်း၊ အနာရောဂါဟူသော ပျက်စီးခြင်းဖြင့် တွေ့ကြုံသော်လည်းကောင်း မစိုးရိမ် မပင်ပန်း မငိုကြွေး ရင်ဘတ်စည်တီး မမြည်တမ်း ပြင်းစွာ တွေဝေခြင်းသို့ မရောက်။ “ရဟန်းတို့ ဘေးရန်တို့၌ အစွမ်းကို သိနိုင်၏၊ ထို အစွမ်းကိုလည်း ကြာမြင့်မှသာ သိနိုင်၏၊ ခဏတစ်ဖြုတ်ဖြင့်ကား မသိနိုင်၊ နှလုံးသွင်းသူသည် သာ သိနိုင်၏၊ နှလုံးမသွင်းသူကား မသိနိုင်၊ ပညာရှိသူသာ သိနိုင်၏၊ ပညာမရှိသူကား မသိနိုင်”ဟူသော ယင်းစကားကို ဤအကြောင်းကို စွဲ၍ ဆိုအပ်၏။ (၃)
“ရဟန်းတို့ ဆွေးနွေးခြင်းဖြင့် ပညာကို သိနိုင်၏၊ ထို ပညာကိုလည်း ကြာမြင့်မှသာ သိနိုင်၏၊ ခဏတစ်ဖြုတ်ဖြင့်ကား မသိနိုင်၊ နှလုံးသွင်းသူသည်သာ သိနိုင်၏၊ နှလုံးမသွင်းသူကား မသိနိုင်၊ ပညာရှိ သူသာ သိနိုင်၏၊ ပညာမရှိသူကား မသိနိုင်”ဟူသော ဤစကားကို အဘယ်အကြောင်းကို စွဲ၍ ဆိုအပ် သနည်း၊ ရဟန်းတို့ ဤလောက၌ ပုဂ္ဂိုလ်အချင်းချင်း ဆွေးနွေးလတ်သော် “ဤအသျှင်၏ (ပြဿနာ) ပေါ်လာပုံ (ပြဿနာကို) နှလုံးသွင်းပုံ ပြဿနာမေးပုံ အခြင်းအရာအားဖြင့်ပင် ဤအသျှင်ကား ပညာမဲ့တည်း၊ ဤအသျှင်သည် ပညာရှိမဟုတ်ဟု သိ၏၊ ထိုသို့ သိခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤအသျှင်သည် နက်နဲ ငြိမ်သက် မွန်မြတ်၍ ကြံဆခြင်းဖြင့် မသက်ဝင်နိုင်သော သိမ်မွေ့၍ ပညာရှိတို့သာ သိနိုင် သော အနက်အစုကို မထုတ်ဆောင်နိုင်သောကြောင့်လည်းကောင်း၊ ဤအသျှင် ဟောကြားသော တရား၏ အနက်ကိုလည်း အကျဉ်းအားဖြင့်ဖြစ်စေ အကျယ်အားဖြင့်ဖြစ်စေ ပြောရန် ဟောရန် အပြားအားဖြင့် သိစေ ရန် ထားရန် ဖွင့်ဆိုရန် ဝေဖန်ရန် ပေါ်လွင်အောင်ပြုရန် မစွမ်းနိုင်သောကြောင့်လည်းကောင်း ဤအသျှင် ကား ပညာမဲ့တည်း၊ ဤအသျှင်သည် ပညာရှိသူမဟုတ်”ဟု သိ၏။
ရဟန်းတို့ ရေအိုင်၏ ကမ်းနား၌ ရပ်တည်နေသော မျက်စိအမြင်ရှိသော ယောကျာ်းသည် ပေါ်လာ သော ငါးငယ်ကို မြင်ရာ၏၊ ထို ယောကျာ်းအား “ဤငါး၏ ပေါ်လာပုံ ရေလှိုင်းကို ဖျက်ဆီးပုံ အဟုန် လျင်မြန်ပုံ အခြင်းအရာအားဖြင့်ပင် ဤငါးသည် ငယ်၏၊ ဤငါးသည် ကြီးသည် မဟုတ်”ဟု သိရာ သကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် ပုဂ္ဂိုလ်အချင်းချင်း ဆွေးနွေးလတ်သော် “ဤအသျှင်၏ (ပြဿနာ) ပေါ်လာပုံ (ပြဿနာ) နှလုံးသွင်းပုံ ပြဿနာမေးပုံ အခြင်းအရာအားဖြင့်ပင် ဤအသျှင်ကား ပညာမဲ့တည်း၊ ဤအသျှင်သည် ပညာရှိမဟုတ်ဟု သိ၏။ ထိုသို့ သိခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤအသျှင်သည် နက်နဲ ငြိမ်သက် မွန်မြတ်၍ ကြံဆခြင်းဖြင့် မသက်ဝင်နိုင်သော သိမ်မွေ့၍ ပညာရှိတို့သာ သိနိုင်သော အနက်အစုကို မထုတ်ဆောင်နိုင်သောကြောင့်လည်းကောင်း၊ ဤအသျှင် ဟောကြားသော တရား၏ အနက် ကိုလည်း အကျဉ်းအားဖြင့်ဖြစ်စေ အကျယ်အားဖြင့်ဖြစ်စေ ပြောရန် ဟောရန် အပြားအားဖြင့် သိစေရန် ထားရန် ဖွင့်ဆိုရန် ဝေဖန်ရန် ပေါ်လွင်အောင်ပြုရန် မစွမ်းနိုင်သောကြောင့်လည်းကောင်း ဤအသျှင်ကား ပညာမဲ့တည်း၊ ဤအသျှင်သည် ပညာရှိမဟုတ်”ဟု သိ၏။
ရဟန်းတို့ ဤလောက၌ ပုဂ္ဂိုလ် အချင်းချင်း ဆွေးနွေးလတ်သော် “ဤအသျှင်၏ (ပြဿနာ) ပေါ်လာပုံ (ပြဿနာ) နှလုံးသွင်းပုံ (ပြဿနာ) မေးပုံ အခြင်းအရာအားဖြင့်ပင် ဤအသျှင်ကား ပညာရှိတည်း၊ ဤအသျှင်သည် ပညာမဲ့သူ မဟုတ်ဟု သိ၏၊ ထိုသို့ သိခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤအသျှင်သည် နက်နဲ ငြိမ်သက် မွန်မြတ်၍ ကြံဆခြင်းဖြင့် မသက်ဝင်နိုင်သော သိမ်မွေ့၍ ပညာရှိတို့သာ သိနိုင်သော အနက်အစုကိုလည်း ထုတ်ဆောင်နိုင်သောကြောင့်လည်းကောင်း၊ ဤအသျှင် ဟောကြားသော တရား၏ အနက်ကိုလည်း အကျဉ်းအားဖြင့် ဖြစ်စေ အကျယ်အားဖြင့်ဖြစ်စေ ပြောရန် ဟောရန် အပြား အားဖြင့်သိစေရန် ထားရန် ဖွင့်ဆိုရန် ဝေဖန်ရန် ပေါ်လွင်အောင် ပြုရန် စွမ်းနိုင်သောကြောင့်လည်းကောင်း ဤအသျှင်ကား ပညာရှိတည်း၊ ဤအသျှင်သည် ပညာမဲ့သူ မဟုတ်”ဟု သိ၏။
ရဟန်းတို့ ရေအိုင်၏ ကမ်းနား၌ ရပ်တည်နေသော မျက်စိအမြင်ရှိသော ယောကျာ်းသည် ပေါ်လာ သော ငါးကြီးကို မြင်ရာ၏၊ ထို ယောကျာ်းအား “ဤငါး၏ ပေါ်လာပုံ ရေလှိုင်းကို ဖျက်ဆီးပုံ အဟုန် လျင်မြန်ပုံ အခြင်းအရာအားဖြင့်ပင် ဤငါးသည် ကြီး၏၊ ဤငါးသည် ငယ်သည် မဟုတ်”ဟု သိရာ သကဲ့သို့၊ ့ရဟန်းတို့ ဤအတူပင်လျှင် ပုဂ္ဂိုလ်အချင်းချင်း ဆွေးနွေးလတ်သော် “ဤအသျှင်၏ ပြဿနာ ပေါ်လာပုံ (ပြဿနာ) နှလုံးသွင်းပုံ (ပြဿနာ) မေးပုံ အခြင်းအရာအားဖြင့်ပင် ဤအသျှင်ကား ပညာ ရှိတည်း၊ ဤအသျှင်သည် ပညာမဲ့သူ မဟုတ်ဟု သိ၏၊ ထိုသို့ သိခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤအသျှင်သည် နက်နဲ ငြိမ်သက် မွန်မြတ်၍ ကြံဆခြင်းဖြင့် မသက်ဝင်နိုင်သော သိမ်မွေ့၍ ပညာရှိတို့သာ သိနိုင်သော အနက်စုကို ထုတ်ဆောင်နိုင်သောကြောင့်လည်းကောင်း၊ ဤအသျှင် ဟောကြားသော တရား၏ အနက်ကိုလည်း အကျဉ်းအားဖြင့်ဖြစ်စေ အကျယ်အားဖြင့်ဖြစ်စေ ပြောရန် ဟောရန် အပြားအားဖြင့် သိစေရန် ထားရန် ဖွင့်ဆိုရန် ဝေဖန်ရန် ပေါ်လွင်အောင်ပြုရန် စွမ်းနိုင်သောကြောင့်လည်းကောင်း ဤအသျှင်ကား ပညာရှိတည်း၊ ဤအသျှင်သည် ပညာမဲ့သူ မဟုတ်”ဟု သိ၏။ (၄)
“ရဟန်းတို့ ဆွေးနွေးခြင်းဖြင့် ပညာကို သိနိုင်၏၊ ထို ပညာကိုလည်း ကြာမြင့်မှသာ သိနိုင်၏၊ ခဏ တစ်ဖြုတ်ဖြင့်ကား မသိနိုင်၊ နှလုံးသွင်းသူသည်သာ သိနိုင်၏၊ နှလုံးမသွင်းသူကား မသိနိုင်၊ ပညာရှိ သူသာ သိနိုင်၏၊ ပညာမရှိသူကား မသိနိုင်”ဟူသော ယင်းစကားကို ဤအကြောင်းကို စွဲ၍ ဆိုအပ်၏။ ရဟန်းတို့ ဤအကြောင်းကို ဤအကြောင်းလေးမျိုးတို့ဖြင့် သိအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။