အင်္ဂုတ္တရနိကာယ်

(၂ဝ) ၅-မဟာဝဂ်

၃-ဘဒ္ဒိယသုတ်

၁၉၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဘဒ္ဒိယ လိစ္ဆဝီမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏—

“အသျှင်ဘုရား ‘ရဟန်းဂေါတမသည် (သူတစ်ပါးတို့ကို) လှည့်ပတ်တတ်၏၊ (မိမိဖက်သို့) လည်စေ တတ်သော ‘အာဝဋ္ဋနိမာယာ’အတတ်ကို သိ၏၊ ယင်းအာဝဋ္ဋနိမာယာဖြင့် အယူတစ်ပါးရှိကုန်သော တိတ္ထိတို့၏ တပည့်တို့ကို လှည့်ပတ်၏’ဟု ဆိုသော ဤစကားကို တပည့်တော်ကြားဖူးပါသည်၊ အသျှင်ဘုရား အသို့ပါနည်း၊ ‘ရဟန်းဂေါတမသည် (သူတစ်ပါးတို့ကို) လှည့်ပတ်တတ်၏၊ အာဝဋ္ဋနိမာယာကို သိ၏၊ ယင်း အာဝဋ္ဋနိမာယာဖြင့် အယူတစ်ပါးရှိကုန်သော တိတ္ထိတို့၏ တပည့်တို့ကို လှည့်ပတ်၏”ဟု ဆိုကုန် သော သူတို့သည် မြတ်စွာဘုရားဆိုသည့်အတိုင်းပင် ဆိုကြသည်ဟုတ်ပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန် စွပ်စွဲရာ မရောက်ဘဲ ရှိပါကုန်၏လော၊ မြတ်စွာဘုရားဟောသော တရားကိုပင် တစ်ဆင့် ဟောကြားကြသည်ဟုတ်ပါ၏လော၊ မြတ်စွာဘုရား၏ မူလရင်းစကားနှင့် (ထိုသူတို့၏) တစ်ဆင့် ပြောသောစကားသည် ကဲ့ရဲ့ဖွယ်အကြောင်း လုံးဝကင်းပါ၏လော၊ အသျှင်ဘုရား တပည့်တော်တို့သည်ကား မြတ်စွာဘုရားကို စွပ်စွဲရန် အလိုမရှိကြပါကုန်”ဟု လျှောက်၏။

ဘဒ္ဒိယ လာကြကုန်၊ သင်တို့သည်—

သူတစ်ပါးပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊— ိံပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ကြံဆတွေးတော၍ ယူခြင်းမျှ ဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

(ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ငါတို့ လေးစားထိုက်သော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး။

ဘဒ္ဒိယ “ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေ အပ် ဆောက်တည်အပ်သည်ရှိသော် အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ ပယ်စွန့်ကုန်ရာ၏။

ဘဒ္ဒိယ ထို အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ တပ်မက်ခြင်း ‘လောဘ’သည် သတ္တဝါ၏ အတွင်း ‘အဇ္ဈတ္တ’သန္တာန်၌ ဖြစ်ပေါ်လာသော် အစီးအပွါးရှိခြင်းငှါ ဖြစ်သလော၊ အစီးအပွါးမဲ့ခြင်းငှါ ဖြစ်သလောဟု (မေးတော်မူ၏)။ အစီးအပွါးမဲ့ခြင်းငှါ ဖြစ်ပါသည် အသျှင်ဘုရား။ ဘဒ္ဒိယ တပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်ခြင်း ‘လောဘ’နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ခိုးယူ၏၊ သူ့မယားကိုလည်း သွားလာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက်တည်စေ၏၊ ယင်းသူ့အသက်သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မေးတော်မူ၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။

ဘဒ္ဒိယ ထို အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အမျက်ထွက်ခြင်း ‘ဒေါသ’သည် သတ္တဝါ၏။ပ။ တွေဝေခြင်း ‘မောဟ’သည် သတ္တဝါ၏။ပ။ ခြုတ်ခြယ်ခြင်း ‘သာရ မ္ဘ’သည် အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်ပေါ်လာသော် အစီးအပွါးရှိခြင်းငှါ ဖြစ်သလော၊ အစီးအပွါးမဲ့ခြင်းငှါ ဖြစ်သလောဟု (မေးတော်မူ၏)။

အစီးအပွါးမဲ့ခြင်းငှါ ဖြစ်ပါသည် အသျှင်ဘုရား။ ဘဒ္ဒိယ ခြုတ်ခြယ်သော ပုဂ္ဂိုလ်သည် ခြုတ်ခြယ်ခြင်း ‘သာရ မ္ဘ’ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ခိုးယူ၏၊ သူ့သားမယားကိုလည်း သွားလာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက်တည်စေ၏၊ ယင်းသူ့အသက်သတ်ခြင်းစသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်နိုင်သည် မဟုတ်လောဟု (မေးတော်မူ၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။

ဘဒ္ဒိယ ထို အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ အကုသိုလ်တရားတို့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကုသိုလ်တရားတို့ ဖြစ်ပါသည် အသျှင် ဘုရား။ အပြစ်ရှိသော တရားတို့လော၊ သို့မဟုတ် အပြစ်မဲ့သော တရားတို့လောဟု (မေးတော်မူ၏)။

အပြစ်ရှိသော တရားတို့ဖြစ်ပါသည် အသျှင်ဘုရား။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့လော၊ (သို့မဟုတ်) ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့လောဟု (မေးတော်မူ၏)။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့ ဖြစ်ပါသည် အသျှင်ဘုရား။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည် အပ်ကုန်သော် အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်သလော၊ သို့မဟုတ် မဖြစ်ကုန်သလော၊ ဤအရာ၌ (သင်တို့စိတ်) အဘယ်သို့ ရှိသနည်းဟု (မေးတော်မူ၏)။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည်အပ်ကုန်သော် အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါကုန်၏၊ ဤနေရာ၌ (တပည့်တော်တို့စိတ်) ဤသို့ ရှိပါသည် အသျှင်ဘုရားဟု (လျှောက်၏)။

“ဘဒ္ဒိယ လာကြကုန်လော့၊ သင်တို့သည် သူတစ်ပါးပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ့်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ် ပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊နည်းမှီး ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူ ထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားထိုက်သော ရဟန်း၏ စကားဟူ၍လည်း မယူကုန် လင့်ဦး။ ဘဒ္ဒိယ “ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သည်ရှိသော် အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ ပယ်စွန့်ကုန်ရာ၏ဟု ငါဆိုခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သော စကားဖြစ်၏။

ဘဒ္ဒိယ သင်တို့သည် သူတစ်ပါးပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားထိုက်သော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး။ ဘဒ္ဒိယ “ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မဲ့သော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက် တည်အပ်ကုန်သည်ရှိသော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ ပြည့်စုံစေ၍ နေကုန်ရာ၏။

ဘဒ္ဒိယ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မတပ်မက်ခြင်း ‘အလောဘ’သည် သတ္တဝါ၏ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်ပေါ်လာသော် အစီးအပွါးရှိခြင်းငှါ ဖြစ်သလော၊ အစီးအပွါးမဲ့ခြင်းငှါ ဖြစ်သလောဟု (မေးတော်မူ၏)။ အစီးအပွါးရှိခြင်းငှါ ဖြစ်ပါသည် အသျှင်ဘုရား။ ဘဒ္ဒိယ မတပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်ခြင်း ‘လောဘ’ မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း မသတ်၊ မပေးသည်ကိုလည်း မယူ၊ သူ့သားမယားကိုလည်း မသွားလာ၊ မဟုတ်မမှန်သော စကားကိုလည်း မဆို၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် မဆောက်တည်စေ၊ ယင်းသူ့အသက် မသတ်ခြင်းစသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မေးတော်မူ၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။

ဘဒ္ဒိယ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အမျက်မထွက်ခြင်း ‘အဒေါသ’သည် သတ္တဝါ၏။ပ။ မတွေဝေခြင်း ‘အမောဟ’သည် သတ္တဝါ၏။ပ။ မခြုတ်ခြယ်ခြင်း ‘အသာရ မ္ဘ’သည် သတ္တဝါ၏ အတွင်း ‘အဇျွတ္တ’ သန္တာန်၌ ဖြစ်ပေါ်လာသော် အစီးအပွါးရှိခြင်းငှါ ဖြစ်သလော၊ အစီးအပွါးမဲ့ခြင်းငှါ ဖြစ်သလောဟု (မေးတော်မူ၏)။ အစီးအပွါးရှိခြင်းငှါ ဖြစ်ပါသည် အသျှင်ဘုရား။ ဘဒ္ဒိယ မခြုတ်ခြယ်သော ပုဂ္ဂိုလ်သည် ခြုတ်ခြယ်ခြင်း ‘သာရ မ္ဘ’ မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကို မသတ်၊ မပေးသည်ကို မယူ၊ သူ့သားမယားကို မသွားလာ၊ မဟုတ်မမှန်သော စကားကို မပြော၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် မဆောက်တည်စေ။ ယင်းသူ့အသက်မသတ်ခြင်းစသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။

ဘဒ္ဒိယ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ အကုသိုလ်တရားတို့လောဟု (မေးတော်မူ၏)။ ကုသိုလ်တရားတို့ ဖြစ်ပါသည် အသျှင်ဘုရား။ အပြစ် ရှိသော တရားတို့လော၊ အပြစ်မဲ့သော တရားတို့လောဟု (မေးတော်မူ၏)။ အပြစ်မဲ့သော တရားတို့ ဖြစ်ပါသည် အသျှင်ဘုရား။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့လော၊ ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့လောဟု (မေးတော်မူ၏)။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့ ဖြစ်ပါသည် အသျှင်ဘုရား။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာဆောက် တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်း ငှါ ဖြစ်ကုန်သလော၊ (သို့မဟုတ်) မဖြစ်ကုန်သလော၊ ဤအရာ၌ (သင်တို့စိတ်) အဘယ်သို့ ရှိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါကုန်၏၊ ဤအရာ၌ (တပည့်တော်တို့စိတ်) ဤသို့ ရှိပါသည် အသျှင်ဘုရားဟု (လျှောက်၏)။

“ဘဒ္ဒိယ လာကြကုန်လော့၊ သင်တို့သည် သူတစ်ပါးပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ် ပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊နည်းမှီး ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားထိုက်သော ရဟန်း၏ စကားဟူ၍လည်း မယူကုန် လင့်ဦး”။ ဘဒ္ဒိယ “ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ (ဤတရားတို့ကို) ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ အစီးအပွါးရှိသော တရားတို့ကို ပြည့်စုံစေ၍ နေကုန်ရာ၏ဟု ငါဆိုခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သော စကားဖြစ်၏။

ဘဒ္ဒိယ လောက၌ (ကိလေသာမှ) ငြိမ်းကုန်ပြီးသော သူတော်ကောင်းတို့သည် မိမိ၏ တပည့်တို့ကို အို— ယောကျာ်း လာလော့၊ သင်သည် လောဘကို ပယ်ဖျောက်၍ နေလော့၊ လောဘကို ပယ်ဖျောက်၍ နေမူ ကိုယ် နှုတ် စိတ်ဖြင့် လောဘကြောင့် ဖြစ်သော (အကုသိုလ်) ကံကို သင် ပြုတော့မည် မဟုတ်။ ဒေါသကို ပယ်ဖျောက်၍ နေလော့၊ ဒေါသကို ပယ်ဖျောက်၍နေမူ ကိုယ် နှုတ် စိတ်ဖြင့် ဒေါသကြောင့် ဖြစ်သော (အကုသိုလ်) ကံကို သင် ပြုတော့မည် မဟုတ်။ မောဟကို ပယ်ဖျောက်၍ နေလော့၊ မောဟကို ပယ်ဖျောက်၍နေမူ ကိုယ် နှုတ် စိတ်ဖြင့် မောဟကြောင့် ဖြစ်သော (အကုသိုလ်) ကံကို သင် ပြုတော့မည် မဟုတ်။ ချုပ်ချယ်ခြင်းကို ပယ်ဖျောက်၍ နေလော့၊ ချုပ်ချယ်ခြင်းကို ပယ်ဖျောက်၍နေမူ ကိုယ် နှုတ် စိတ်ဖြင့် ခြုတ်ချယ်ခြင်းကြောင့် ဖြစ်သော (အကုသိုလ်) ကံကို သင် ပြုတော့မည် မဟုတ်ဟု ဆောက်တည် စေကုန်၏။

ဤသို့ မိန့်တော်မူသည်ရှိသော် ဘဒ္ဒိယလိစ္ဆဝီမင်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရား (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါဟု လျှောက်၏။

ဘဒ္ဒိယ ငါသည် သင့်အား “ဘဒ္ဒိယ လာလော့၊ သင်သည် ငါ၏တပည့် ဖြစ်ဘိလော့၊ ငါသည် ဆရာ ဖြစ်အံ့”ဟု ဤသို့ ဆိုပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ မဆိုပါ။ ဘဒ္ဒိယ ဤသို့အယူရှိသော ဤသို့ ဟောကြားလေ့ရှိသော ငါ့ကို ထင်ရှားမရှိသော အချည်းနှီးသော ချွတ်ယွင်းသော မဟုတ်မမှန်သော စကားဖြင့် “ရဟန်းဂေါတမသည် (သူတစ်ပါးတို့ကို) လှည့်ပတ်တတ်၏၊ (မိမိဖက်သို့) လည်စေတတ်သော ‘အာဝဋ္ဋနိမာယာ’ကို သိ၏၊ ယင်းအာဝဋ္ဋနိမာယာဖြင့် အယူတစ်ပါးရှိကုန်သော တိတ္ထိတို့၏ တပည့်တို့ကို လှည့်ပတ်၏”ဟု အချို့သော သမဏဗြာဟ္မဏတို့သည် စွပ်စွဲကုန်ဘိ၏ဟု (မိန့်တော်မူ၏)။ အရောင်အလင်းဖြင့်

အသျှင်ဘုရား အာဝဋ္ဋနိမာယာသည် သင့်လျော်ပါပေသည်၊ အသျှင်ဘုရား အာဝဋ္ဋနိမာယာသည် ကောင်းမြတ်ပါပေသည်၊ အသျှင်ဘုရား အကျွန်ုပ်၏ ချစ်ခင်အပ်ကုန်သော ဆွေမျိုးသားချင်းတို့သည် ဤအာဝဋ္ဋနိမာယာဖြင့် လှည့်ပတ်မိပါကုန်မူကား အကျွန်ုပ်၏ ချစ်ခင်အပ်ကုန်သော ဆွေမျိုးသားချင်းတို့အား ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏။ အသျှင်ဘုရား အလုံးစုံ သော မင်းမျိုးတို့သည်လည်း ဤအာဝဋ္ဋနိမာယာဖြင့် လှည့်ပတ်မိပါကုန်မူကား အလုံးစုံသော မင်းမျိုးတို့ အား ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏။ အသျှင်ဘုရား အလုံးစုံသော ပုဏ္ဏားမျိုးတို့သည်။ ကုန်သည်မျိုးတို့သည်။ သူဆင်းရဲမျိုးတို့သည် ဤအာဝဋ္ဋနိမာယာဖြင့် လှည့်ပတ်မိပါကုန်မူကား အလုံးစုံသော သူဆင်းရဲမျိုးတို့အား ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏ဟု (လျှောက်၏)။

ဘဒ္ဒိယ ဤစကားသည် ဤအတိုင်း မှန်၏၊ ဘဒ္ဒိယ ဤစကားသည် ဤအတိုင်း မှန်၏၊ ဘဒ္ဒိယ အလုံးစုံသော မင်းမျိုးတို့သည် အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်းငှါ ဤအာဝဋ္ဋနိမာယာဖြင့် လှည့်ပတ်မိပါကုန်မူကား အလုံးစုံသော မင်းမျိုးတို့အားလည်း ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဘဒ္ဒိယ အလုံးစုံသော ပုဏ္ဏားမျိုးတို့သည်။ ကုန်သည်မျိုးတို့သည်။ သူဆင်းရဲမျိုးတို့သည် အကုသိုလ်တရားကို ပယ်ခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ဤအာဝဋ္ဋနိမာယာဖြင့် လှည့်ပတ်မိပါကုန်မူကား အလုံးစုံသော သူဆင်းရဲမျိုးတို့အားလည်း ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဘဒ္ဒိယ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောကသည် အကုသိုလ်ကို ပယ်ခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ အာဝဋ္ဋနိမာယာဖြင့် လှည့်ပတ်မိပါကုန်မူကား နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောကအား ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဘဒ္ဒိယ ဤအင်ကြီးပင်ကြီးတို့သော်လည်း အကုသိုလ်တရားကို ပယ်ရှားခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ဤအာဝဋ္ဋနိမာယာဖြင့် လှည့်ပတ်မိပါကုန်မူကား ဤအင်ကြီးပင်ကြီးတို့အားလည်း ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်ရာ၏၊ လူဖြစ်သူအားမူကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။