အင်္ဂုတ္တရနိကာယ်

(၂၁) ၁-သပ္ပုရိသဝဂ်

၉-တတိယ ပါပဓမ္မသုတ်

၂ဝ၉။ ရဟန်းတို့ ယုတ်ညံ့သော တရားရှိသူကိုလည်းကောင်း၊ ယုတ်ညံ့သော တရားရှိသူအောက် ယုတ်ညံ့သော တရားရှိသူကိုလည်းကောင်း၊ ကောင်းမြတ်သော တရားရှိသူကိုလည်းကောင်း၊ ကောင်းမြတ် သော တရားရှိသူထက် ကောင်းမြတ်သော တရားရှိသူကိုလည်းကောင်း သင်တို့အား ဟောကြားပေအံ့၊ ထို (တရား) ကို နာကြကုန်လော့။ပ။

ရဟန်းတို့ ယုတ်ညံ့သော တရားရှိသူဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သူ့အသက်ကို သတ်၏။ပ။ မှားသော အယူရှိ၏။ ရဟန်းတို့ ဤသူကို ယုတ်ညံ့သော တရား ရှိသူဟု ဆိုအပ်၏။

ရဟန်းတို့ ယုတ်ညံ့သော တရားရှိသူအောက် ယုတ်ညံ့သော တရားရှိသူဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မိမိလည်း သူ့အသက်ကို သတ်၏၊ သူတစ်ပါးကိုလည်း သူ့အသက်သတ်ခြင်း၌ ဆောက်တည်စေ၏။ပ။ မိမိလည်း မှားသော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှားသောအယူ၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို ယုတ်ညံ့သော တရားရှိသူအောက် ယုတ်ညံ့သော တရားရှိသူဟု ဆိုအပ်၏။

ရဟန်းတို့ ကောင်းမြတ်သော တရားရှိသူဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့ သော သူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်သောအယူရှိ၏။ ရဟန်းတို့ ဤသူကို ကောင်းမြတ်သော တရားရှိသူ ဆိုအပ်၏။

ရဟန်းတို့ ကောင်းမြတ်သော တရားရှိသူထက် ကောင်းမြတ်သော တရားရှိသူဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မိမိလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါး ကိုလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏။ပ။ မိမိလည်း မှန်သောအယူရှိ၏၊ သူတစ်ပါးကိုလည်း မှန်သော အယူ၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို ကောင်းမြတ်သော တရားရှိသူထက် ကောင်းမြတ်သော တရားရှိသူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။