အင်္ဂုတ္တရနိကာယ်

(၂၅) ၅-အာပတ္တိ ဘယဝဂ်

၃-သိက္ခာနိသံသသုတ်

၂၄၅။ ရဟန်းတို့ အကျင့်သိက္ခာဟူသော အကျိုး’အာနိသင်’၊ လွန်ကဲသော ပညာ၊ ဝိမုတ္တိ ‘အရဟတ္တဖိုလ်’ဟူသော အနှစ်၊ သတိဟူသော အကြီးအမှူးရှိသည့် ဤမြတ်သော အကျင့်ကို ကျင့်သုံးရ၏။ ရဟန်းတို့ အဘယ်သို့လျှင် အကျင့်သိက္ခာဟူသော အကျိုး ‘အာနိသင်’ရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ မကြည်ညိုကုန်သေးသူတို့ ကြည်ညိုရန်, ကြည်ညိုပြီးသူတို့ အကြည်ညိုတိုးပွါးရန် တပည့်တို့အား လွန်မြတ်သော ကျင့်ဝတ် ‘အဘိသမာ စာရိက’ သိက္ခာကို ငါ ပညတ်အပ်ပြီ၊ ရဟန်းတို့ မကြည်ညိုသေးသူတို့ ကြည်ညိုရန်, ကြည်ညိုပြီးသူတို့ အကြည်ညို တိုးပွါးရန် တပည့်တို့အား ငါ ပညတ် ထားတိုင်းသော လွန်မြတ်သည့် ကျင့်ဝတ် ‘အဘိသမာစာရိက’ သိက္ခာကို ထိုရဟန်းသည် မကျိုး မပေါက် မပြောက် မကျားသည်ကို ပြုလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန် တပည့်တို့အား (မဂ်ဟူသော) မြတ်သော အကျင့်၏ အစဦးဖြစ်သော ‘အာဒိဗြဟ္မစရိယိက’ သိက္ခာကို ငါ ပညတ်အပ်ပြီ၊ ရဟန်းတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန် တပည့်တို့အား ငါပညတ်ထားတိုင်းသော မြတ်သော အကျင့်၏ အစဦး ‘အာဒိဗြဟ္မစရိယိက’ သိက္ခာကို ထိုရဟန်းသည် မကျိုး မပေါက် မပြောက် မကျားသည်ကို ပြုလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် အကျင့်သိက္ခာဟူသော အကျိုးအာနိသင်ရှိ၏။

ရဟန်းတို့ အဘယ်သို့လျှင် လွန်ကဲသော ပညာရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန် တပည့်တို့အား (သစ္စာလေးပါး)တရားတို့ကို ငါ ဟောကြားအပ်ပြီ၊ ရဟန်းတို့ တပည့်တို့အား ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန် ငါဟောကြား ထားတိုင်းသော တရားတို့ကို ထို ပုဂ္ဂိုလ်သည် (မဂ်) ပညာဖြင့် ကောင်းစွာ ရှုမြင်အပ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် လွန်ကဲသော ပညာရှိ၏။

ရဟန်းတို့ အဘယ်သို့လျှင် ဝိမုတ္တိ ‘အရဟတ္တဖိုလ်’ဟူသော အနှစ်ရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန် တပည့်တို့အား (သစ္စာလေးပါး)တရားတို့ကို ငါ ဟောကြားအပ်ပြီ၊ ရဟန်းတို့ တပည့်တို့အား ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန် ငါ ဟောကြားထားတိုင်းသော တရားတို့ကို ထို ပုဂ္ဂိုလ်သည် ဝိမုတ္တိ ‘အရဟတ္တဖိုလ်’ ဖြင့် တွေ့ထိအပ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ဝိမုတ္တိ ‘အရဟတ္တဖိုလ်’ဟူသော အနှစ်ရှိ၏။

ရဟန်းတို့ အဘယ်သို့လျှင် သတိဟူသော အကြီးအမှူးရှိသနည်း၊ “ဤသို့ ပညတ်တော်မူတိုင်းသော မပြည့်စုံသေးသော လွန်မြတ်သည့် ကျင့်ဝတ် ‘အဘိသမာစာရိကသိက္ခာ’ ကိုမူလည်း ပြည့်စေအံ့၊ ပြည့်စုံပြီးသော လွန်မြတ်သည့် ကျင့်ဝတ်သိက္ခာကိုမူလည်း ထို ထို အရာ၌ ပညာဖြင့် မြှင့်တင်အံ့”ဟု မိမိသန္တာန်၌ သာလျှင် သတိသည် ကောင်းစွာ ထင်၏၊ “ဤသို့ ပညတ်တော်မူတိုင်းသော မပြည့်စုံသေးသော (မဂ်တည်းဟူသော) အကျင့်မြတ်၏ အစဦး ‘အာဒိဗြဟ္မစရိယိက’ သိက္ခာကိုမူလည်း ပြည့်စေအံ့၊ ပြည့်စုံပြီးသော အကျင့်မြတ်၏ အစဦးသိက္ခာကိုမူလည်း ထို ထို အရာ၌ ပညာဖြင့် မြှင့်တင်အံ့”ဟု မိမိသန္တာန်၌ သာလျှင် သတိသည် ကောင်းစွာ ထင်၏၊ “ဤသို့ ပညတ်တော်မူတိုင်းသော ကောင်းစွာ မရှုမဆင်ခြင်အပ် သေးသော တရားကိုမူလည်း ပညာဖြင့် ကောင်းစွာ ရှုဆင်ခြင်အံ့၊ ကောင်းစွာ ရှုဆင်ခြင်ပြီးသော တရား ကိုမူလည်း ထို ထို အရာ၌ ပညာဖြင့် မြှင့်တင်အံ့”ဟု မိမိသန္တာန်၌ သာလျှင် သတိသည် ကောင်းစွာ ထင်၏၊ “ဤသို့ ပညတ်တော်မူတိုင်းသော မတွေ့ထိအပ်သေးသော တရားကို မူလည်း ဝိမုတ္တိ ‘အရဟတ္တဖိုလ်’ ဖြင့် တွေ့ထိစေအံ့၊ တွေ့ထိပြီးသော တရားကိုမူလည်း ထို ထို အရာ၌ ပညာဖြင့် မြှင့်တင်အံ့”ဟု မိမိသန္တာန်၌ သာလျှင် သတိသည် ကောင်းစွာ ထင်၏။ ရဟန်းတို့ ဤသို့လျှင် သတိဟူသော အကြီးအမှူး ရှိ၏။

“ရဟန်းတို့ သိက္ခာဟူသော အကျိုး ‘အာနိသင်’၊ လွန်ကဲသော ပညာ၊ ဝိမုတ္တိ ‘အရဟတ္တဖိုလ်’ဟူသော အနှစ်၊ သတိဟူသော အကြီးအမှူးရှိသည့် မြတ်သောအကျင့်ကို ကျင့်သုံးရ၏”ဟူသော စကားသည် ဤသည်ကို စွဲ၍ဆိုခဲ့သော စကားဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။