အင်္ဂုတ္တရနိကာယ်

(၂၅) ၅-အာပတ္တိ ဘယဝဂ်

၂-အာပတ္တိဘယသုတ်

၂၄၄။ ရဟန်းတို့ အာပတ်ကို အကြောင်းပြု၍ဖြစ်သော ဘေးတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ အပြစ်ကို လွန်ကျူးသော ခိုးသူကို ဖမ်း၍ “မင်းမြတ် ဤသူသည် အပြစ်ကို လွန်ကျူးသော ခိုးသူပါတည်း၊ ဤခိုးသူအား မင်းမြတ်သည် ဒဏ်ထားတော်မူပါလော့”ဟု ဆို၍ မင်းအား ပြကုန်ရာ၏။ ထို ခိုးသူကို မင်းသည် “အချင်းတို့ သွားကြလော့၊ ဤယောကျာ်းကို ခိုင်မြဲသော ကြိုးဖြင့် တင်းကြပ်စွာ လက်ပြန် တုပ်နှောင်လျက် ခေါင်းတုံးရိတ်၍ အသံမြည်ဟီးသော ထက်စည်တီးကာ လမ်းတိုင်း လမ်းတိုင်း လမ်း ဆုံတိုင်း လမ်းဆုံတိုင်းသို့ လှည့်လည်ခေါ်ဆောင်၍ တောင်တံခါးမှ ထုတ်ပြီးလျှင် မြို့တောင်အရပ် (သူသတ်ကုန်း)၌ ဦးခေါင်းကို ဖြတ်ကုန်လော့”ဟု ဆိုရာ၏။ ထို ခိုးသူကို မင်းချင်းယောကျာ်းတို့သည် ခိုင်မြဲသော ကြိုးဖြင့် တင်းကြပ်စွာ လက်ပြန် တုပ်နှောင်လျက် ခေါင်းတုံးရိတ်၍ အသံမြည်ဟီးသော ထက်စည်တီးကာ လမ်းတိုင်း လမ်းတိုင်း လမ်းဆုံတိုင်း လမ်းဆုံတိုင်း သို့ လှည့်လည်ခေါ်ဆောင်၍ တောင်တံခါးမှ ထုတ်ပြီးလျှင် မြို့တောင်အရပ် (သူသတ်ကုန်း) ၌ ဦးခေါင်းကို ဖြတ်ကုန်ရာ၏။

ထိုသို့ဖြစ်ရာဝယ် တစ်နေရာ၌ ရပ်တည်နေသော ယောကျာ်းတစ်ယောက်အား— “အချင်းတို့ ဤယောကျာ်းသည် ယုတ်ညံ့၍ ဦးခေါင်းဖြတ်ထိုက်သည့် ကဲ့ရဲ့ဖွယ်အမှုကို ပြုခဲ့၏တကား၊ ယင်းအကြောင်း့ကြောင့် မင်းချင်း ယောကျာ်းတို့သည် ခိုင်မြဲသော ကြိုးဖြင့် တင်းကြပ်စွာ လက်ပြန် တုပ်နှောင်လျက် ခေါင်းတုံးရိတ်၍ အသံမြည်ဟီးသော ထက်စည်တီးကာ လမ်းတိုင်း လမ်းတိုင်း လမ်းဆုံတိုင်း လမ်းဆုံတိုင်း သို့ လှည့်လည် ခေါ်ဆောင်၍ တောင်တံခါးမှ ထုတ်ပြီးလျှင် မြို့တောင်အရပ် (သူသတ်ကုန်း) ၌ ဦးခေါင်းကို ဖြတ်ကြကုန်ဘိ၏၊ ထို ငါသည် ဦးခေါင်းကို ဖြတ်ထိုက်သည့် ဤသို့သဘောရှိသော ကဲ့ရဲ့ဖွယ်ရာ ထိုသူ၏ မကောင်းမှုကံမျိုးကို စင်စစ် မပြုအံ့”ဟု အကြံဖြစ်ရာသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် တစ်စုံ တစ်ယောက်သော ရဟန်းအားသော်လည်းကောင်း၊ ရဟန်းမိန်းမအားသော်လည်းကောင်း ပါရာဇိက အာပတ်တို့၌ ဤသို့ပြင်းပြသော ကြောက်လန့်ဖွယ် ဘေးဟူသော အမှတ်သည် ရှေးရှုထင်လာခဲ့မူ ထိုပုဂ္ဂိုလ်အား “ပါရာဇိကအာပတ် မသင့်သေးလျှင်လည်း သင့်တော့မည် မဟုတ်၊ ပါရာဇိကအာပတ် သင့်ပြီးဖြစ်လျှင်လည်းတရားအားလျော်စွာ ကုစားလိမ့်မည်”ဟူသော ထို အကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

ရဟန်းတို့ ယောကျာ်းသည် အဝတ်နက်ကို ဝတ်၍ ဆံပင်တို့ကို ဖြန့်ကြဲလျက် ကျည်ပွေ့ ပခုံး ထမ်းကာ လူများအပေါင်းသို့ ချဉ်းကပ်ပြီးလျှင် “အသျှင်တို့ အကျွန်ုပ်သည် ကျည်ပွေ့ဖြင့် ရိုက်ပုတ်ထိုက်သည့် ကဲ့ရဲ့ဖွယ် မကောင်းမှုကို ပြုမိပြီ၊ အကျွန်ုပ်အတွက် အသျှင်တို့ နှစ်သက်သည့် အမှုကို ပြုပါအံ့”ဟု ဆိုရာ၏။ ထိုသို့ ပြောဆိုရာဝယ် တစ်နေရာ၌ ရပ်တည်နေသော ယောကျာ်းတစ်ယောက်အား— “အချင်း တို့ ဤယောကျာ်းသည် ယုတ်ညံ့၍ ကျည်ပွေ့ဖြင့် ပုတ်ခတ်ထိုက်သည့် ကဲ့ရဲ့ဖွယ်အမှုကို ပြုခဲ့၏တကား၊ ယင်းအကြောင်းကြောင့် အဝတ်နက်ကို ဝတ်၍ ဆံပင်တို့ကို ဖြန့်ကြဲလျက် ကျည်ပွေ့ ပခုံးထမ်းကာ လူများ အပေါင်းသို့ ချဉ်းကပ်ပြီးလျှင် ‘အသျှင်တို့ အကျွန်ုပ်သည် ကျည်ပွေ့ဖြင့် ပုတ်ခတ်ထိုက်သည့် ကဲ့ရဲ့ဖွယ် မကောင်းမှုကို ပြုမိပြီ၊ အကျွန်ုပ်အတွက် အသျှင်တို့ နှစ်သက်သည့် အမှုကို ပြုပါအံ့’ဟု ဆိုရတုံဘိ၏။ ထို ငါသည် ကျည်ပွေ့ဖြင့် ပုတ်ခတ်ထိုက်သည့် ဤသို့ သဘောရှိသော ကဲ့ရဲ့ဖွယ်ရာ ထိုသူ၏ မကောင်းမှု ကံမျိုးကို စင်စစ် မပြုအံ့”ဟု အကြံဖြစ်ရာသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် တစ်စုံတစ်ယောက်သော ရဟန်းအားသော်လည်းကောင်း၊ ရဟန်းမိန်းမအားသော်လည်းကောင်း သံဃာဒိသိသ်အာပတ်တို့၌ ဤသို့ ပြင်းပြသော ကြောက်လန့်ဖွယ် ဘေးဟူသော အမှတ်သည် ရှေးရှု ထင်လာခဲ့မူ ထိုပုဂ္ဂိုလ်အား “သံဃာ ဒိသိသ်အာပတ် မသင့်သေးလျှင်လည်း သင့်တော့မည် မဟုတ်၊ သံဃာ့ဒိသိသ်အာပတ် သင့်ပြီးဖြစ်လျှင်လည်းတရားအားလျော်စွာ ကုစားလိမ့်မည်”ဟူသော ထို အကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့် အပ်၏။

ရဟန်းတို့ ယောကျာ်းသည် အဝတ်နက်ကို ဝတ်၍ ဆံပင်တို့ကို ဖြန့်ကြဲလျက် ပြာထုပ်ပခုံးတင်ကာ လူများအပေါင်းသို့ ချဉ်းကပ်ပြီးလျှင်— “အသျှင်တို့ အကျွန်ုပ်သည် ပြာထုပ်ဖြင့် (ဦးခေါင်းကို) ပုတ်ခတ် ထိုက်သည့် ကဲ့ရဲ့ဖွယ် မကောင်းမှုကို ပြုမိပြီ၊ အကျွန်ုပ်အတွက် အသျှင်တို့ နှစ်သက်သည့် အမှုကို ပြုပါအံ့”ဟု ဆိုရာ၏။ ထိုသို့ ပြောဆိုရာဝယ် တစ်နေရာ၌ ရပ်တည်နေသော ယောကျာ်းတစ်ယောက် အား— “အချင်းတို့ ဤယောကျာ်းသည် ယုတ်ညံ့၍ ပြာထုပ်ဖြင့် (ဦးခေါင်းကို) ပုတ်ခတ်ထိုက်သည့် ကဲ့ရဲ့ဖွယ်အမှုကို ပြုခဲ့၏တကား၊ ယင်းအကြောင်းကြောင့် အဝတ်နက်ကို ဝတ်၍ ဆံပင်တို့ကို ဖြန့်ကြဲလျက် ပြာထုပ် ပခုံးတင်ကာ လူများအပေါင်းသို့ ချဉ်းကပ်ပြီးလျှင် ‘အသျှင်တို့ အကျွန်ုပ်သည် ပြာထုပ်ဖြင့် ပုတ်ခတ်ထိုက်သည့် ကဲ့ရဲ့ဖွယ် မကောင်းမှုကို ပြုမိပြီ၊ အကျွန်ုပ်အတွက် အသျှင်တို့ နှစ်သက်သည့် အမှုကို ပြုပါအံ့”ဟု ဆိုရတုံဘိ၏။ ထို ငါသည် ပြာထုပ်ဖြင့် ပုတ်ခတ်ထိုက်သည့် ဤသို့ သဘောရှိသော ကဲ့ရဲ့ဖွယ်ရာ မကောင်းမှုကံမျိုးကို စင်စစ် မပြုအံ့”ဟု အကြံဖြစ်ရာသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် တစ်စုံတစ်ယောက်သော ရဟန်းအားသော်လည်းကောင်း၊ ရဟန်းမိန်းမအားသော်လည်းကောင်း ပါစိတ် အာပတ်တို့၌ ဤသို့ပြင်းပြသော ကြောက်လန့်ဖွယ် ဘေးဟူသော အမှတ်သည် ရှေးရှုထင်လာခဲ့မူ ထို ပုဂ္ဂိုလ်အား “ပါစိတ်အာပတ် မသင့်သေးလျှင်လည်း့သင့်တော့မည် မဟုတ်၊ ပါစိတ်အာပတ် သင့်ပြီး ဖြစ်လျှင်လည်းတရားအားလျော်စွာ ကုစားလိမ့်မည်”ဟူသော ထို အကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

ရဟန်းတို့ ယောကျာ်းသည် အဝတ်နက်ကို ဝတ်၍ ဆံပင်တို့ကို ဖြန့်ကြဲလျက် လူများအပေါင်းသို့ ချဉ်းကပ်ပြီးလျှင်— “အသျှင်တို့ အကျွန်ုပ်သည် စွပ်စွဲထိုက်သည့် ကဲ့ရဲ့ဖွယ် မကောင်းမှုကို ပြုမိပြီ၊ အကျွန်ုပ် အတွက် အသျှင်တို့ နှစ်သက်သည့် အမှုကို ပြုပါအံ့”ဟု ဆိုရာ၏။ ထိုသို့ ပြောဆိုရာဝယ် တစ်နေရာ၌ ရပ်တည်နေသော ယောကျာ်းတစ်ယောက်အား— “အချင်းတို့ ဤယောကျာ်းသည် စွပ်စွဲထိုက်သည့် ကဲ့ရဲ့ဖွယ်မကောင်းမှုကို ပြုခဲ့၏တကား၊ ယင်းအကြောင်းကြောင့် အဝတ်နက်ကို ဝတ်၍ ဆံပင်တို့ကို ဖြန့်ကြဲလျက် လူများအပေါင်းသို့ ချဉ်းကပ်ပြီးလျှင် ‘အသျှင်တို့ အကျွန်ုပ်သည် စွပ်စွဲထိုက်သည့် ကဲ့ရဲ့ဖွယ် မကောင်းမှုကို ပြုမိပြီ၊ အကျွန်ုပ်အတွက် အသျှင်တို့ နှစ်သက်သည့် အမှုကို ပြုပါအံ့”ဟု ဆိုရတုံဘိ၏။ ထို ငါသည် စွပ်စွဲထိုက်သည့် ဤသို့သဘောရှိသော ကဲ့ရဲ့ဖွယ်ရာ ထိုသူ၏ မကောင်းမှုကံမျိုးကို မပြုအံ့”ဟု အကြံဖြစ်ရာသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် တစ်စုံတစ် ယောက်သော ရဟန်းအားသော်လည်းကောင်း၊ ရဟန်းမိန်းမအားသော်လည်းကောင်း ပါဋိဒေသနီအာပတ်တို့၌ ဤသို့ ပြင်းပြသော ကြောက်လန့် ဖွယ် ဘေးဟူသော အမှတ်သည် ရှေးရှုထင်လာခဲ့မူ ထို ပုဂ္ဂိုလ်အား “ပါဋိဒေသနီအာပတ် မသင့်သေးလျှင်လည်း သင့်တော့မည် မဟုတ်၊ ပါဋိဒေသနီအာပတ် သင့်ပြီးဖြစ်လျှင်လည်းတရားအားလျော်စွာ ကုစား လိမ့်မည်”ဟူသော ထို အကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ အာပတ်ကို အကြောင်းပြု၍ ဖြစ်သော ဘေးတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။