အင်္ဂုတ္တရနိကာယ်
(၂၈) ၈-ရာဂပေယျာလ
၁-သတိပဋ္ဌာနသုတ်
၂၇၄။ ရဟန်းတို့ စွဲမက်ခြင်း ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန်တရားလေးမျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့ခြင်း ‘သတိ’ ရှိလျက် လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါ မနဿ’ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် နေ၏။ပ။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့ခြင်း ‘သတိ’ ရှိလျက် လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ဟု အဖန်ဖန်ရှုလျက် နေ၏။ ရဟန်းတို့ စွဲမက်ခြင်း ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် ဤတရားလေးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။