အင်္ဂုတ္တရနိကာယ်

(၆) ၁-ပုညာဘိသန္ဒဝဂ်

၅-ပဌမ သမဇီဝီသုတ်

၅၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် နကုလပိတာ သူကြွယ်အိမ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ ထိုအခါ နကုလပိတာ သူကြွယ်နှင့် နကုလမာတာသူကြွယ်မတို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် နကုလပိတာသူကြွယ်သည် မြတ်စွာဘုရားအား— “အသျှင်ဘုရား တပည့်တော်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတာသူကြွယ်မကို ထိမ်းမြား ယူဆောင်ခဲ့သည်မှ စ၍ စိတ်မျှဖြင့်လည်း နကုလမာတာသူကြွယ်မကို လွန်၍ ကျင့်မိသည်ဟု တပည့်တော် မသိစဖူးပါ၊ ကိုယ် ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏”ဟု လျှောက်၏။ နကုလမာတာသူကြွယ်မကလည်း မြတ်စွာဘုရားအား “အသျှင်ဘုရား နကုလပိတာသူကြွယ်သည် ငယ်ရွယ် စဉ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြားယူဆောင်ခဲ့သည်မှစ၍ စိတ်မျှဖြင့်လည်း နကုလပိတာ သူကြွယ်ကို လွန်၍ ကျင့်မိသည်ဟု တပည့်တော်မ မသိစဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏”ဟု လျှောက်၏။

ဒါယကာတို့ လင်မယားနှစ်ဦးလုံးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်အံ့၊ နှစ်ဦးလုံးတို့သည် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော သီလရှိကုန်ရာ၏၊ တူမျှသော စွန့်ကြဲမှု ‘စာဂ’ ရှိကုန်ရာ၏၊ တူမျှသော ပညာရှိကုန်ရာ၏၊ (ယင်းသို့ ဖြစ်သော်) ထို လင်မယားနှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ ့ဟု (မိန့်တော်မူ၏)။

လင်မယားနှစ်ဦးလုံးတို့ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကုန်၏၊ (ကိုယ် နှုတ် နှလုံးကို) စောင့်စည်းကြကုန်၏၊ ထို လင်မယားနှစ်ဦးလုံးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြ ကုန်လျက်တရားသဖြင့် အသက်မွေးကြကုန်၏။ တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့အား အကျိုးစီးပွါးတို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံး မသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလရှိကုန်သော လင်မယားနှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်ပြည်လောက၌ အလုံးစုံသော ကာမဂုဏ်အာရုံတို့ကို လိုတိုင်းရ ကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန်သတည်း။

ပဉ္စမသုတ်။