အင်္ဂုတ္တရနိကာယ်
(၆) ၁-ပုညာဘိသန္ဒဝဂ်
၆-ဒုတိယ သမဇီဝီသုတ်
၅၆။ ရဟန်းတို့ လင်မယားနှစ်ဦးလုံးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုကုန်, နောင် တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုကုန်ငြားအံ့၊ လင်မယားနှစ်ဦးလုံးတို့သည်ပင် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော သီလ၊ တူမျှသော စွန့်ကြဲခြင်း ‘စာဂ’၊ တူမျှသော ပညာရှိကုန်ရာ၏၊ (ယင်းသို့ ဖြစ်သည်ရှိသော်) ထို လင်မယားနှစ်ဦးတို့သည် မျက်မှောက်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရ ကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ ့ဟု (မိန့်တော်မူ၏)။
လင်မယားနှစ်ဦးလုံးတို့ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကုန်၏၊ (ကိုယ် နှုတ် နှလုံးကို) စောင့်စည်းကြကုန်၏၊ ထို လင်မယား နှစ်ဦးလုံးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြ ကုန်လျက်တရားသဖြင့် အသက်မွေးကြကုန်၏။
တူမျှသော သီလရှိကုန်သော လင်မယားနှစ်ဦးလုံးတို့အား အကျိုးစီးပွါးတို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံး မသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလရှိကုန်သော လင်မယားနှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်ပြည်လောက၌ အလုံးစုံသော ကာမဂုဏ် အာရုံတို့ကို လိုတိုင်းရ ကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန်သတည်း။
ဆဋ္ဌသုတ်။