အင်္ဂုတ္တရနိကာယ်

(၇) ၂-ပတ္တကမ္မဝဂ်

၅-ရူပသုတ်

၆၅။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— အဆင်းသဏ္ဌာန်ကို ပမာဏပြု၍ အဆင်းသဏ္ဌာန်၌ ကြည်ညိုသော ပုဂ္ဂိုလ်၊ အသံကို ပမာဏပြု၍ အသံ၌ ကြည်ညိုသော ပုဂ္ဂိုလ်၊ ခေါင်းပါးမှုကို ပမာဏပြု၍ ခေါင်းပါးမှု၌ ကြည်ညိုသော ပုဂ္ဂိုလ်၊ (သီလ ဂုဏ် သမာဓိ ဂုဏ်စသော)တရားကို ပမာဏပြု၍တရား၌ ကြည်ညိုသော ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

အကြင်သူတို့သည် အဆင်းသဏ္ဌာန်၌ ပမာဏပြုကုန်၏၊ အကြင်သူတို့သည်ကား အသံသို့ အစဉ်လိုက်ကုန်၏၊ ထိုသူတို့သည် အလို ‘ဆန္ဒ’၏လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’၏လည်းကောင်း အလိုသို့ လိုက်ပါကုန်သည်ဖြစ်၍ (ဂုဏ် ကျေးဇူးကို) မသိနိုင်ကြကုန်။ ထက်ဝန်းကျင်မှ ပိတ်ပင်ခံရသော သူမိုက်သည် (ဘုရားစသည်တို့၏) အဇ္ဈတ္တ သန္တာန်၌ ရှိသော ဂုဏ်ကိုလည်း မသိ၊ ဗဟိဒ္ဓသန္တာန်၌ဖြစ်သော ဂုဏ်ကိုလည်း မမြင်၊ ထိုသူသည် စင်စစ် ချီးမွမ်းသံဖြင့် မျောရလေတော့၏။ အကြင်သူသည် အဇ္ဈတ္တသန္တာန်၌ ရှိသော ဂုဏ်ကို မသိ၊ ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော ဂုဏ်ကိုသာ ရှုမြင်၏၊ အပသန္တာန်၌ အကျိုးကို ရှုလေ့ရှိ၏၊ ထို ပုဂ္ဂိုလ်သည်လည်း ချီးမွမ်းသံဖြင့် မျောရလေ၏။ (အကြင်သူသည်) အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ဂုဏ်ကိုလည်း သိ၏၊ ဗဟိဒ္ဓ သန္တာန်၌ ဖြစ်သော ဂုဏ်ကိုလည်း ရှုမြင်၏၊ အပိတ်အပင် ကင်းရာ (နိဗ္ဗာန်) ကို ရှုလေ့ရှိ၏၊ ထိုသူသည်ကား အသံဖြင့် မမျောနိုင်တော့ချေ။

ပဉ္စမသုတ်။