အင်္ဂုတ္တရနိကာယ်
(၉) ၄-မစလဝဂ်
၃-အဝဏ္ဏာရဟသုတ်
၈၃။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ ဂုဏ် မထိုက်သူ၏ ဂုဏ်ကို ပြောဆို၏၊ (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ ဂုဏ်ထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆို၏၊ (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ မကြည်ညိုသင့်သော အရာ၌ ကြည်ညိုခြင်းကို ဖြစ်စေ၏၊ (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ ကြည်ညိုသင့်သော အရာ၌ မကြည်ညိုခြင်းကို ဖြစ်စေ၏၊ ရဟန်းတို့ ဤတရား လေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။
ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— (ဉာဏ်ဖြင့်) စိစစ် သက်ဝင်၍ ဂုဏ် မထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆို၏၊ (ဉာဏ်ဖြင့်) စိစစ် သက်ဝင်၍ ဂုဏ်ထိုက်သူ၏ ဂုဏ်ကျေးဇူးကို ပြော ဆို၏၊ (ဉာဏ်ဖြင့်) စိစစ် သက်ဝင်၍ မကြည်ညိုသင့်သော အရာ၌ မကြည်ညိုခြင်းကို ဖြစ်စေ၏၊ (ဉာဏ်ဖြင့်) စိစစ် သက်ဝင်၍ ကြည်ညိုသင့်သော အရာ၌ ကြည်ညိုခြင်းကို ဖြစ်စေ၏၊ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။