အင်္ဂုတ္တရနိကာယ်

၁-သေခဗလဝဂ်

၁-သံခိတ္တသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ရဟန်းတို့ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ယုံကြည်မှု ‘သဒ္ဓါ’ အား။

ရှက်မှု ‘ဟိရီ’ အား။

ကြောက်လန့်မှု ‘သြတ္တပ္ပ’ အား။

အားထုတ်မှု ‘ဝီရိယ’ အား။

သိမှု ‘ပညာ’ အား တို့တည်း။

ရဟန်းတို့ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားတို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားဖြစ်သော ယုံကြည်မှု’သဒ္ဓါ’ အားနှင့် ပြည့်စုံစေမည်၊ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားဖြစ်သော ရှက်မှု ‘ဟိရီ’ အားနှင့် ပြည့်စုံစေမည်၊ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားဖြစ်သော ကြောက်လန့်မှု ‘သြတ္တပ္ပ’ အားနှင့် ပြည့်စုံစေမည်၊ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားဖြစ်သော အားထုတ်မှု ‘ဝီရိယ’ အားနှင့် ပြည့်စုံစေမည်၊ ကျင့်ဆဲ’သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားဖြစ်သော သိမှု ‘ပညာ’ အားနှင့် ပြည့်စုံစေမည်”ဟု ကျင့်ရမည်၊ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားကို နှစ်လိုကုန်သည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

ပဌမသုတ်။