အင်္ဂုတ္တရနိကာယ်

၁-သေခဗလဝဂ်

၁ဝ-ဒုတိယ အဂါရဝသုတ်

၁ဝ။ ရဟန်းတို့ တရားငါးမျိုးနှင့်ပြည့်စုံ၍ ရိုသေမှု တုပ်ဝပ်မှုမရှိသော ရဟန်းသည် ဤဓမ္မဝိနယ (သာသနာတော်)၌ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရန် မထိုက်တန်ချေ။

အဘယ်တရားငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’မရှိ၍ ရိုသေမှု တုပ်ဝပ်မှုမရှိသော ရဟန်းသည် ဤဓမ္မဝိနယ (သာသနာတော်)၌ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရန် မထိုက်တန်။

ရှက်မှု ‘ဟိရီ’ မရှိ၍ ရိုသေမှု တုပ်ဝပ်မှု မရှိသော ရဟန်းသည် ဤဓမ္မဝိနယ၌ ကြီးပွါး စည်ပင်ပြန့်ပြောခြင်းသို့ ရောက်ရန် မထိုက်တန်။

ကြောက်လန့်မှု ‘သြတ္တပ္ပ’ မရှိ၍ ရိုသေမှု တုပ်ဝပ်မှု မရှိသော ရဟန်းသည် ဤဓမ္မဝိနယ၌ ကြီးပွါး စည်ပင်ပြန့်ပြောခြင်းသို့ ရောက်ရန် မထိုက်တန်။

ပျင်းရိ၍ ရိုသေမှု တုပ်ဝပ်မှု မရှိသော ရဟန်းသည် ဤဓမ္မဝိနယ၌ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ရောက်ရန် မထိုက်တန်။

သိမှု ‘ပညာ’ မရှိ၍ ရိုသေမှု တုပ်ဝပ်မှု မရှိသော ရဟန်းသည် ဤဓမ္မဝိနယ၌ ကြီးပွါး စည်ပင်ပြန့်ပြောခြင်းသို့ ရောက်ရန် မထိုက်တန်။

ရဟန်းတို့ ဤတရားငါးမျိုးနှင့်ပြည့်စုံ၍ ရိုသေမှု တုပ်ဝပ်မှု မရှိသော ရဟန်းသည် ဤဓမ္မဝိနယ (သာသနာတော်)၌ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရန် မထိုက်တန်ချေ။

ရဟန်းတို့ တရားငါးမျိုးနှင့်ပြည့်စုံ၍ ရိုသေမှု တုပ်ဝပ်မှုရှိသော ရဟန်းသည် ဤဓမ္မဝိနယ (သာသနာတော်)၌ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်တန်၏။

အဘယ်တရားငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၍ ရိုသေမှု တုပ်ဝပ်မှုရှိသော ရဟန်းသည် ဤဓမ္မဝိနယ၌ ကြီးပွါး စည်ပင်ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်တန်၏။

ရှက်မှု ‘ဟိရီ’ ရှိ၍ ရိုသေမှု တုပ်ဝပ်မှု ရှိသော ရဟန်းသည် ဤဓမ္မဝိနယ၌ ကြီးပွါး စည်ပင်ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်တန်၏။

ကြောက်လန့်မှု ‘သြတ္တပ္ပ’ ရှိ၍ ရိုသေမှု တုပ်ဝပ်မှု ရှိသော ရဟန်းသည် ဤဓမ္မဝိနယ၌ ကြီးပွါး စည်ပင်ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်တန်၏။

ထက်သန်သော ဝီရိယ ရှိ၍ ရိုသေမှု တုပ်ဝပ်မှု ရှိသော ရဟန်းသည် ဤဓမ္မဝိနယ၌ ကြီးပွါး စည်ပင်ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်တန်၏။

သိမှု ‘ပညာ’ ရှိ၍ ရိုသေမှု တုပ်ဝပ်မှု ရှိသော ရဟန်းသည် ဤဓမ္မဝိနယ၌ ကြီးပွါး စည်ပင်ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်တန်၏။

ရဟန်းတို့ ဤတရားငါးမျိုးနှင့်ပြည့်စုံ၍ ရိုသေမှု တုပ်ဝပ်မှု ရှိသော ရဟန်းသည် ဤဓမ္မဝိနယ (သာသနာတော်)၌ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်တန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော သေခဗလဝဂ် ပြီး၏။