အင်္ဂုတ္တရနိကာယ်
(၁၁) ၁-ဖာသုဝိဟာရဝဂ်
၁-သာရဇ္ဇသုတ်
၁ဝ၁။ ရဟန်းတို့ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အား ရဲရင့်မှုကို ပြုတတ်ကုန်သော တရားတို့သည်ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည်—
ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၏။
စောင့်ထိန်းမှု ‘သီလ’ ရှိ၏။
အကြားအမြင်များ၏။
ထက်သန်သော လုံ့လရှိ၏။
ပညာရှိ၏။
ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’ မရှိသူအား ဖြစ်တတ်သည့် နှလုံးမသာခြင်းသည် ယုံကြည်မှု ‘သဒ္ဓါ’ ရှိသူအား မဖြစ်၊ ထိုကြောင့် ဤ (ယုံကြည်မှု သဒ္ဓါ) တရားသည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အား ရဲရင့်မှုကိုပြုတတ်၏။
ရဟန်းတို့စောင့်ထိန်းမှု ‘သီလ’ မရှိသူအား ဖြစ်တတ်သည့် နှလုံးမသာခြင်းသည်စောင့်ထိန်းမှု ‘သီလ’ရှိသူအား မဖြစ်၊ ထိုကြောင့် ဤ (စောင့်ထိန်းမှု သီလ) တရားသည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အား ရဲရင့်မှုကိုပြုတတ်၏။
ရဟန်းတို့ အကြားအမြင်နည်းပါးသော သူအား ဖြစ်တတ်သည့် နှလုံးမသာခြင်းသည် အကြားအမြင်များသူအား မဖြစ်၊ ထို့ကြောင့် ဤ (အကြားအမြင်များခြင်း) တရားသည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အားရဲရင့်မှုကို ပြုတတ်၏။
ရဟန်းတို့ ပျင်းရိသူအား ဖြစ်တတ်သည့် နှလုံးမသာခြင်းသည် ထက်သန်သော လုံ့လရှိသူအား မဖြစ်၊ ့ထို့ကြောင့် ဤ (လုံ့လ) တရားသည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အား ရဲရင့်မှုကို ပြုတတ်၏။
ရဟန်းတို့ ပညာကင်းမဲ့သူအား ဖြစ်တတ်သည့် နှလုံးမသာခြင်းသည် ပညာရှိသူအား မဖြစ်၊ ထို့ကြောင့်ဤ (ပညာ) တရားသည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အား ရဲရင့်မှုကို ပြုတတ်၏။
ရဟန်းတို့ ဤသည်တို့ကား ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်အား ရဲရင့်မှုကို ပြုတတ်သော တရားငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။