အင်္ဂုတ္တရနိကာယ်
(၁၁) ၁-ဖာသုဝိဟာရဝဂ်
၇-သီလသုတ်
၁ဝ၇။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်အပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုခံထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ခံထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်စောင့်ထိန်းမှု ‘သီလ’ နှင့် ပြည့်စုံ၏၊
တည်ကြည်မှု ‘သမာဓိ’ နှင့် ပြည့်စုံ၏၊
သိမှု ‘ပညာ’ နှင့် ပြည့်စုံ၏။
(ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) နှင့် ပြည့်စုံ၏။
(ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) ကို သိသော ဉာဏ်အမြင် ‘ပစ္စဝေက္ခဏာဉာဏ်’ နှင့်ပြည့်စုံ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်းပေးလှူ ပူဇော်အပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ခံထိုက်၏၊ သတ္တဝါအပေါင်း၏ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။