အင်္ဂုတ္တရနိကာယ်

(၁၁) ၁-ဖာသုဝိဟာရဝဂ်

၈-အသေခသုတ်

၁ဝ၈။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်အပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုခံထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ခံထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —

ကျင့်ပြီး ‘ရဟန္တာ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလအစုနှင့် ပြည့်စုံ၏။

ကျင့်ပြီး ‘ရဟန္တာ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိအစုနှင့် ပြည့်စုံ၏။

ကျင့်ပြီး ‘ရဟန္တာ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာအစုနှင့် ပြည့်စုံ၏။

ကျင့်ပြီး ‘ရဟန္တာ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) အစုနှင့်ပြည့်စုံ၏။

ကျင့်ပြီး ‘ရဟန္တာ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) ကို သိသောဉာဏ်အမြင် ‘ပစ္စဝေက္ခဏာဉာဏ်’ အစုနှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်းပေးလှူပူဇော်အပ်သော အလှူကို ခံထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။