အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ဂိလာနဝဂ်

၂-သတိသူပဋ္ဌိတသုတ်

၁၂၂။ ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို တရားငါးမျိုးတို့ကို ပွါးများခဲ့မူတရားငါးမျိုးတို့ကို ကြိမ်ဖန်များစွာ လေ့လာခဲ့မူ ထိုသူသည် “မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကိုသော်လည်းကောင်း၊ ကိလေသာကြွင်းကျန်ခဲ့သေးလျှင် အနာဂါမ်အဖြစ်ကိုသော်လည်းကောင်း” အကျိုးနှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော အကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မိမိသန္တာန်၌ သာလျှင် အောက်မေ့ခြင်း ‘သတိ’ သည်ကောင်းစွာ တည်၏။

တရားတို့၏ ဖြစ်မှု ပျက်မှုကို သိသော ပညာဖြင့် ခန္ဓာကိုယ်၌ မတင့်တယ်ဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

(သုံးဆောင်အပ်သော) အာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေ၏။

အလုံးစုံသော လောက၌ မမွေ့လျော်ဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေ၏။

အလုံးစုံသော သင်္ခါရတရားတို့၌ အမြဲမရှိဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ဤတရားငါးမျိုးတို့ကို ပွါးများခဲ့မူဤတရားငါးမျိုးတို့ကို ကြိမ်ဖန်များစွာ လေ့လာခဲ့မူ ထိုသူသည် “မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကိုသော်လည်းကောင်း၊ ကိလေသာကြွင်းကျန်ခဲ့သေးလျှင် အနာဂါမ်အဖြစ်ကိုသော်လည်းကောင်း”အကျိုးနှစ်မျိုး တို့တွင် တစ်မျိုးမျိုးသော အကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။