အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ဂိလာနဝဂ်
၁-ဂိလာနသုတ်
၁၂၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သောကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ၌ တစ်ပါးတည်းကိန်းအောင်းတော်မူရာမှ ထတော်မူလျက် သူနာရဟန်းတို့နေရာ ကျောင်းသို့ ချဉ်းကပ် တော်မူ၏။
မြတ်စွာဘုရားသည် အားနည်းသော သူနာရဟန်းတစ်ပါးကို မြင်တော်မူသောကြောင့် ခင်းထားသောနေရာ၌ ထိုင်နေတော်မူလျက် ရဟန်းတို့ကို ခေါ်၍ —
ရဟန်းတို့ တရားငါးမျိုးတို့သည် အားနည်းသော မည်သည့် သူနာရဟန်းကိုမဆို မစွန့်ကြကုန်မူထိုရဟန်းသည် “မကြာမီပင်လျှင် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသောလွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလိမ့်မည်”ဟူသောဤအကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ခန္ဓာကိုယ်၌ မတင့်တယ်ဟု အဖန်တလဲလဲ ရှုလျက် နေ၏။ (သုံးဆောင်အပ်သော) အာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍၊ အလုံးစုံသော လောက၌ မမွေ့လျော်ဖွယ်ဟု အမှတ်ရှိ၍၊ အလုံးစုံသော သင်္ခါရတရားတို့၌ အမြဲမရှိဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ထိုရဟန်းအား သေခြင်းကို အာရုံပြု၍ဖြစ်သော အမှတ် ‘သညာ’ သည် မိမိသန္တာန်၌ ကောင်းစွာ တည်၏။
ရဟန်းတို့ ဤ တရားငါးမျိုးတို့သည် အားနည်းသော မည်သည့်သူနာ ရဟန်းကိုမဆို မစွန့်ကြကုန်မူထိုရဟန်းသည် “မကြာမီပင်လျှင် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသောလွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလိမ့်မည်”ဟူသော အကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။