အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ရာဇဝဂ်

၁-ပဌမ စက္ကာနုဝတ္တနသုတ်

၁၃၁။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့်ပြည့်စုံသော စကြဝတေးမင်းသည် တရားဖြင့်သာလျှင် စကြာရတနာကို လည်စေ၏၊ ထိုစကြာရတနာကို ရန်သူဖြစ်သော လူသတ္တဝါ တစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး့မတားမြစ်နိုင်။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤလောက၌ စကြဝတေးမင်းသည်—

အကျိုးကိုလည်း သိ၏။

(ရှေးအစဉ်အလာ) တရားကိုလည်း သိ၏။

အတိုင်းအရှည်ကိုလည်း သိ၏။

အခါကာလကိုလည်း သိ၏။

ပရိသတ်ကိုလည်း သိ၏။

ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော စကြဝတေးမင်းသည် တရားဖြင့်သာလျှင် စကြာ ရတနာကိုလည်စေ၏၊ ထိုစကြာရတနာကို ရန်သူဖြစ်သော လူသတ္တဝါ တစ်စုံတစ်ယောက်ကမျှ မဖျက်ဆီးမတားမြစ်နိုင်။

ရဟန်းတို့ ဤအတူသာလျှင် တရားငါးမျိုးတို့နှင့် ပြည့်စုံ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် တရားဖြင့်သာလျှင်အတုမရှိသော ဓမ္မစက်ကို လည်စေတော်မူ၏၊ ထိုဓမ္မစက်ကို သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေမာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ လောက၌ မည်သူတစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး မတားမြစ်နိုင်။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်—

အကျိုးကိုလည်း သိတော်မူ၏။

တရားကိုလည်း သိတော်မူ၏။

အတိုင်းအရှည်ကိုလည်း သိတော်မူ၏။

ကာလကိုလည်း သိတော်မူ၏။

ပရိသတ်ကိုလည်း သိတော်မူ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် တရားဖြင့်သာလျှင် အတုမရှိသောဓမ္မစက်ကို လည်စေတော်မူ၏၊ ထိုဓမ္မစက်ကို သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေဗြဟ္မာဖြစ်စေ လောက၌ မည်သူတစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး မတားမြစ်နိုင်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။