အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ဂိလာနဝဂ်

၁ဝ-ဗျသနသုတ်

၁၃ဝ။ ရဟန်းတို့ ပျက်စီးခြင်းတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

အဆွေအမျိုးတို့၏ ပျက်စီးခြင်း။

စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း။

အနာရောဂါနှိပ်စက်မှုဟူသော ပျက်စီးခြင်း။

အကျင့်သီလ၏ ပျက်စီးခြင်း။

အယူ၏ ပျက်စီးခြင်းတို့တည်း။

ရဟန်းတို့ သတ္တဝါတို့သည် အဆွေအမျိုးတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ စည်းစိမ်ဥစ္စာတို့၏ပျက်စီးခြင်းကြောင့်ဖြစ်စေ အနာရောဂါနှိပ်စက်မှုဟူသော ပျက်စီးခြင်းကြောင့်ဖြစ်စေ ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲ၌ မဖြစ်ရကုန်။

ရဟန်းတို့ သတ္တဝါတို့သည် အကျင့်သီလ၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ အယူ၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ကျရာဖြစ်သော ငရဲ၌ ဖြစ်ရကုန်၏။

ရဟန်းတို့ ပျက်စီးခြင်းတို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

အဆွေအမျိုးတို့၏ ပြည့်စုံခြင်း။

စည်းစိမ်ဥစ္စာတို့၏ ပြည့်စုံခြင်း။

အနာကင်းမှု၏ ပြည့်စုံခြင်း။

အကျင့်သီလ၏ ပြည့်စုံခြင်း။

အယူ၏ ပြည့်စုံခြင်းတို့တည်း။

ရဟန်းတို့ သတ္တဝါတို့သည် ဆွေမျိုးတို့၏ ပြည့်စုံခြင်းကြောင့်ဖြစ်စေ စည်းစိမ်ဥစ္စာတို့၏ ပြည့်စုံခြင်းကြောင့်ဖြစ်စေ အနာကင်းမှု၏ ပြည့်စုံခြင်းကြောင့်ဖြစ်စေ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ မဖြစ်ကုန်။

ရဟန်းတို့ သတ္တဝါတို့သည် အကျင့်သီလ၏ ပြည့်စုံခြင်းကြောင့်ဖြစ်စေ အယူ၏ ပြည့်စုံခြင်းကြောင့်ဖြစ်စေ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရကုန်၏။

ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ဂိလာနဝဂ် ပြီး၏။