အင်္ဂုတ္တရနိကာယ်
(၁၅) ၅-တိကဏ္ဍကီဝဂ်
၇-အသပ္ပုရိသဒါနသုတ်
၁၄၇။ ရဟန်းတို့ သူတော်ကောင်းမဟုတ်သူတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
မရိုမသေ ပေးလှူ၏၊ မလေးမစား ပေးလှူ၏၊ မိမိလက်ဖြင့် (ကိုယ်တိုင်) မပေးလှူ၊ စွန့်ပစ် သကဲ့သို့ပေးလှူ၏၊ အကျိုးသက်ရောက်လိမ့်မည်ဟု အယူမရှိဘဲ ပေးလှူ၏။
ရဟန်းတို့ သူတော်ကောင်းမဟုတ်သူတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ သူတော်ကောင်းတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ရိုသေစွာ ပေးလှူ၏၊ လေးစားစွာ ပေးလှူ၏၊ မိမိလက်ဖြင့် (ကိုယ်တိုင်) ပေးလှူ၏၊ စွန့်ပစ် သကဲ့သို့မပေးလှူ၊ အကျိုးသက်ရောက်လိမ့်မည်ဟု အယူရှိလျက် ပေးလှူ၏။
ရဟန်းတို့ သူတော်ကောင်းတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။