အင်္ဂုတ္တရနိကာယ်
(၁၆) ၁-သဒ္ဓမ္မဝဂ်
၁-ပဌမ သမ္မတ္တနိယာမသုတ်
၁၅၁။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်းကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ဟောကြားသော တရားကို မထီမဲ့မြင် ပြု၏။
တရားဟော ပုဂ္ဂိုလ်ကို မထီမဲ့မြင် ပြု၏။
မိမိကိုယ်ကို မထီမဲ့မြင် ပြု၏။
စိတ်ပျံ့လွင့်သည်ဖြစ်၍ စိတ်မတည်ကြည်ဘဲ တရားနာ၏။
မသင့်သောအားဖြင့်လည်း နှလုံးသွင်း၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသော်လည်းကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်မထိုက်တန်။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသည်ရှိသော့်ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
တရားကို မထီမဲ့မြင် မပြု။
တရားဟော ပုဂ္ဂိုလ်ကို မထီမဲ့မြင် မပြု။
မိမိကိုယ်ကို မထီမဲ့မြင် မပြု။
စိတ်မပျံ့လွင့်သည်ဖြစ်၍ စိတ်တည်ကြည်လျက် တရားနာ၏။
သင့်သောအားဖြင့်လည်း နှလုံးသွင်း၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာသည်ရှိသော်ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသည့် မြဲသောသဘော (အရိယာမဂ်) သို့ သက်ဝင်ရန်ထိုက်တန်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။