အင်္ဂုတ္တရနိကာယ်
(၁၅) ၅-တိကဏ္ဍကီဝဂ်
၁ဝ-ဒုတိယ သမယဝိမုတ္တသုတ်
၁၅ဝ။ ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ဝင်စားသော ခဏ၌ ကိလေသာမှ လွတ်သော (လောကီသမာပတ်စိတ်ရှိသော) ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
အမှုသစ်၌ မွေ့လျော်ခြင်း။
စကားပြောမှု၌ မွေ့လျော်ခြင်း။
အိပ်ခြင်း၌ မွေ့လျော်ခြင်း။
ဣန္ဒြေတို့၌ မပိတ်သော တံခါးရှိခြင်း။
စားဖွယ်၌ အတိုင်းအရှည်ကို မသိခြင်းတို့တည်း။
ရဟန်းတို့ ဤ တရားငါးမျိုးတို့သည် ဝင်စားသော ခဏ၌ ကိလေသာမှ လွတ်သော (လောကီ သမာပတ်စိတ်ရှိသော) ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။
ရဟန်းတို့ ဤ တရားငါးမျိုးတို့သည် ဝင်စားသော ခဏ၌ ကိလေသာမှ လွတ်သော (လောကီ သမာပတ်စိတ်ရှိသော) ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
အမှုသစ်၌ မမွေ့လျော်ခြင်း။
စကားပြောမှု၌ မမွေ့လျော်ခြင်း။
အိပ်ခြင်း၌ မမွေ့လျော်ခြင်း။
ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိခြင်း။
စားဖွယ်၌ အတိုင်းအရှည်ကို သိခြင်းတို့တည်း။
ရဟန်းတို့ ဤ တရားငါးမျိုးတို့သည် ဝင်စားသော ခဏ၌ ကိလေသာမှ လွတ်သော (လောကီ သမာပတ်စိတ်ရှိသော) ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ငါးခုမြောက် တိကဏ္ဍကီဝဂ် ပြီး၏။
တတိယသုတ်ငါးဆယ် ပြီး၏။