အင်္ဂုတ္တရနိကာယ်
၂-ဗလဝဂ်
၆-ပုနကူဋသုတ်
၁၆။ ရဟန်းတို့ အားတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ယုံကြည်မှု ‘သဒ္ဓါ’အား၊ အားထုတ်မှု’ဝီရိယ’အား၊ အောက်မေ့မှု’သတိ’အား၊ တည်ကြည်မှု’သမာဓိ’အား၊ သိမှု’ပညာ’အား တို့တည်း။
ရဟန်းတို့ အားတို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ ဤအားငါးမျိုးတို့တွင် ပညာအားသည် အမြတ်ဆုံးဖြစ်၏၊ (ကျန်သော အားတို့ကို) သိမ်းယူနိုင်၏၊ ပေါင်းစုနိုင်၏။ ရဟန်းတို့ အထွတ်ရှိသော အိမ်တွင် အထွတ်သည် အမြတ်ဆုံးဖြစ်သကဲ့သို့၊ (အခြင်ရနယ်တို့ကို) သိမ်းကျုံးယူနိုင်သကဲ့သို့၊ ပေါင်းစုနိုင်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤအားငါးမျိုးတို့တွင် ပညာအားသည် အမြတ်ဆုံးဖြစ်၏၊ (ကျန်သောအားတို့ကို) သိမ်းယူနိုင်၏၊ ပေါင်းစုနိုင်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။