အင်္ဂုတ္တရနိကာယ်
၂-ဗလဝဂ်
၇-ပဌမ ဟိတသုတ်
၁၇။ ရဟန်းတို့ တရား ငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ အစီးအပွါးအလို့ငှါသာ ကျင့်၏၊ သူတစ်ပါး၏ အစီးအပွါးအလို့ငှါ မကျင့်။
အဘယ်တရားငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မိမိကား သီလနှင့် ပြည့်စုံ၏၊ သူတစ်ပါးကိုမူ သီလနှင့်ပြည့်စုံစေရန် မဆောက်တည်စေ။ မိမိကား သမာဓိနှင့် ပြည့်စုံ၏၊ သူတစ်ပါးကိုမူ သမာဓိနှင့် ပြည့်စုံစေရန်မဆောက်တည်စေ။ မိမိကား ပညာနှင့် ပြည့်စုံ၏၊ သူတစ်ပါးကိုမူ ပညာနှင့် ပြည့်စုံစေရန်မဆောက်တည်စေ။ မိမိကား (ကိလေသာမှ) လွတ်မြောက်ခြင်း ‘ဝိမုတ္တိ’ နှင့် ပြည့်စုံ၏၊ သူတစ်ပါးကိုမူ (ကိလေသာမှ) လွတ်မြောက်ခြင်း ‘ဝိမုတ္တိ’ နှင့် ပြည့်စုံစေရန် မဆောက်တည်စေ။ မိမိကား (ကိလေသာမှ) လွတ်မြောက်မှုကို ဆင်ခြင်တတ်သော ‘ပစ္စဝေက္ခဏာ’ ဉာဏ်အမြင်နှင့် ပြည့်စုံ၏၊ သူတစ်ပါးကိုမူ (ကိလေသာမှ) လွတ်မြောက်မှုကို ဆင်ခြင်တတ်သော ‘ပစ္စဝေက္ခဏာ’ ဉာဏ်အမြင်နှင့် ပြည့်စုံစေရန်မဆောက်တည်စေ။
ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ အစီးအပွါးအလို့ငှါသာ ကျင့်၏၊ သူတစ်ပါး၏ အစီးအပွါးအလို့ငှါ မကျင့်ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။