အင်္ဂုတ္တရနိကာယ်
၁-သေခဗလဝဂ်
၅-သိက္ခာသုတ်
၅။ ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို သိက္ခာချ၍ လူထွက်၏၊ ယခု ဘဝ၌ပင်ပြောဆို ကဲ့ရဲ့ဖွယ် အကြောင်းငါးမျိုးတို့သည် ထိုသူ့ထံသို့ ရောက်လာကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
သင့်အား ကုသိုလ်တရားတို့၌ ယုံကြည်မှု ‘သဒ္ဓါ’ မည်သည်လည်း မရှိတော့ပြီ။
သင့်အား ကုသိုလ်တရားတို့၌ ရှက်မှု ‘ဟိရီ’ မည်သည်လည်း မရှိတော့ပြီ။
သင့်အား ကုသိုလ်တရားတို့၌ ကြောက်လန့်မှု ‘သြတ္တပ္ပ’ မည်သည်လည်း မရှိတော့ပြီ။
သင့်အား ကုသိုလ်တရားတို့၌ အားထုတ်မှု ‘ဝီရိယ’ မည်သည်လည်း မရှိတော့ပြီ။
သင့်အား ကုသိုလ်တရားတို့၌ သိမှု ‘ပညာ’မည်သည်လည်း မရှိတော့ပြီ။
ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို သိက္ခာချ၍ လူထွက်၏၊ ယခုဘဝ၌ပင်ပြောဆို ကဲ့ရဲ့ဖွယ် အကြောင်းငါးမျိုးတို့သည် ထိုသူ့ထံသို့ ရောက်လာကုန်၏။
ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ဆင်းရဲခြင်း နှလုံးမသာခြင်းနှင့် တကွလည်း မျက်ရည်ရွှဲစို ငိုယိုလျက် ထက်ဝန်းကျင် ပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ကျင့်သုံး၏၊ ယခုဘဝ၌ပင် ချီးကျူးဖွယ် အကြောင်းငါးမျိုးတို့သည် ထိုသူ့ထံသို့ ရောက်လာကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
သင့်အား ကုသိုလ်တရားတို့၌ ယုံကြည်မှု ‘သဒ္ဓါ’ မည်သည်လည်း ရှိ၏။
သင့်အား ကုသိုလ်တရားတို့၌ ရှက်မှု ‘ဟိရီ’ မည်သည်လည်း ရှိ၏။
သင့်အား ကုသိုလ်တရားတို့၌ ကြောက်လန့်မှု ‘သြတ္တပ္ပ’ မည်သည်လည်း ရှိ၏။
သင့်အား ကုသိုလ်တရားတို့၌ အားထုတ်မှု ‘ဝီရိယ’ မည်သည်လည်း ရှိ၏။
သင့်အား ကုသိုလ်တရားတို့၌ သိမှု ‘ပညာ’ မည်သည်လည်း ရှိ၏။
ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ဆင်းရဲခြင်း နှလုံးမသာခြင်းနှင့် တကွလည်း မျက်ရည်ရွှဲစို ငိုယိုလျက် ထက်ဝန်းကျင် ပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ကျင့်သုံး၏၊ ယခုဘဝ၌ပင် ချီးကျူးဖွယ် အကြောင်းငါးမျိုးတို့သည် ထိုသူ့ထံသို့ ရောက်လာကုန်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။