အင်္ဂုတ္တရနိကာယ်
၅-မုဏ္ဍရာဇဝဂ်
၈-ဌာနသုတ်
၄၈။ ရဟန်းတို့ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
အိုတတ်သော သဘောတရားသည် “မအိုပါစေလင့်”ဟု သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေမာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။
နာတတ်သော သဘောတရားသည် “မနာဖျားစေလင့်”ဟူ၍။ပ။
သေတတ်သော သဘောတရားသည် “မသေပါစေလင့်”ဟူ၍။ပ။
ကုန်တတ်သော သဘောတရားသည် “မကုန်ဆုံးပါစေလင့်”ဟူ၍။ပ။
ပျက်စီးတတ်သော သဘောတရားသည် “မပျက်စီးပါစေလင့်”ဟူ၍ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ့နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။
ရဟန်းတို့ အကြားအမြင်မရှိသော ပုထုဇဉ်အား အိုတတ်သော သဘောတရားသည် အိုခဲ့၏၊ အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုပုထုဇဉ်သည် ဤသို့ မဆင်ခြင်နိုင် —
“အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ အိုသည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသော ဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ အားလုံးတို့အား အိုတတ်သော သဘောတရားသည် အို၏၊ အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီးမြည်တမ်းခဲ့မူ တွေဝေမိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်း မလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏”ဟု (မဆင်ခြင်နိုင်)။
အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ထိုပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။
ရဟန်းတို့ အကြားအမြင်နည်းပါးသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို အဆိပ်ရှိသော သောကငြောင့် စူးဝင် သည်ဖြစ်၍ မိမိကိုယ်ကိုပင်လျှင် ပူပန်စေတတ်သူဟူ၍ ဆိုအပ်၏။
ရဟန်းတို့ နောက်တစ်မျိုးကား အကြားမြင်မရှိသော ပုထုဇဉ်အား နာတတ်သော သဘောတရား သည်နာခဲ့၏။ပ။ သေတတ်သော သဘောတရားသည် သေခဲ့၏။ပ။ကုန်တတ်သော သဘောတရားသည်ကုန်ခဲ့၏။ပ။ ပျက်တတ်သော သဘောတရားသည် ပျက်ခဲ့၏၊ ပျက်တတ်သော သဘောတရားသည်ပျက်သည်ရှိသော် ထိုပုထုဇဉ်သည် ဤသို့ မဆင်ခြင်နိုင် —
“ပျက်တတ်သော သဘောတရားသည် ငါ့တစ်ယောက်တည်းအားသာ ပျက်သည် မဟုတ်၊ စင်စစ် မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ အားလုံးတို့အား ပျက်တတ်သော သဘောတရားသည် ပျက်၏၊ ပျက်တတ်သော သဘောတရားသည် ပျက်စီးသည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီးမြည်တမ်းခဲ့မူ တွေဝေမိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏”ဟူ၍ (မဆင်ခြင်နိုင်)။
ပျက်တတ်သော သဘောတရား ပျက်သည်ရှိသော် ထိုပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။
ရဟန်းတို့ အကြားအမြင်နည်းပါးသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို အဆိပ်ရှိသော သောကငြောင့် စူးဝင်သည်ဖြစ်၍ မိမိကိုယ်ကိုပင်လျှင် ပူပန်စေတတ်သူဟူ၍ ဆိုအပ်၏။
ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်အား အိုတတ်သော သဘောတရားသည် အိုခဲ့မူအိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်၏ —
“အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ အိုသည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ အားလုံးတို့အား အိုတတ်သော သဘောတရားသည် အို၏၊ အိုတတ်သောသဘောတရားသည် အိုသည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီးမြည်တမ်းခဲ့မူ တွေဝေ မိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ့ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏”ဟု (ဆင်ခြင်၏)။
အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုအရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငို ကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်။
ရဟန်းတို့ အကြားအမြင်ရှိသော ဤအရိယာတပည့်ကို အဆိပ်ရှိသော သောကငြောင့်ကို ထုတ်နုတ်သူဟူ၍ ဆိုအပ်၏။ ယင်းငြောင့်စူးဝင်သော အကြားအမြင်နည်းပါးသော ပုထုဇဉ်သည် မိမိကိုယ်ကိုပင်လျှင် ပူလောင်စေ၏၊ သောကငြောင့် မစူးဝင်သော အရိယာတပည့်သည် မိမိကိုယ်ကိုပင်လျှင်ငြိမ်းအေးစေ၏။
ရဟန်းတို့ နောက်တစ်မျိုးကား အကြားအမြင်ရှိသော အရိယာတပည့်အား နာတတ်သော သဘောတရားသည် နာခဲ့၏။ပ။ သေတတ်သော သဘောတရားသည် သေခဲ့၏။ပ။ကုန်တတ်သော သဘောတရားသည်ကုန်ခဲ့၏။ပ။ ပျက်တတ်သော သဘောတရားသည် ပျက်ခဲ့၏၊ ပျက်တတ်သော သဘောတရားသည်ပျက်သည်ရှိသော် ထိုအရိယာတပည့်သည် ဤသို့ဆင်ခြင်နိုင်၏ —
“ပျက်တတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ ပျက်သည် မဟုတ်၊ စင်စစ် မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့်သတ္တဝါဟူသမျှ အားလုံးတို့အား ပျက်တတ်သော သဘောတရားသည် ပျက်၏၊ ပျက်တတ်သော သဘောတရားပျက်သည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူတွေဝေမိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏”ဟု (ဆင်ခြင်၏)။
ပျက်တတ်သော သဘောတရားပျက်သည်ရှိသော် ထိုအရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်။
ရဟန်းတို့ အကြားအမြင်ရှိသော ဤအရိယာတပည့်ကို အဆိပ်ရှိသော သောကငြောင့်ကို ထုတ်နုတ်သောသူဟူ၍ ဆိုအပ်၏။
ယင်းသောကငြောင့် စူးဝင်သော အကြားအမြင်နည်းပါးသော ပုထုဇဉ်သည် မိမိကိုယ်ကိုပင်လျှင်ပူလောင်စေ၏၊ သောကငြောင့် မစူးဝင်သော အရိယာတပည့်သည် မိမိကိုယ်ကိုပင်လျှင် ငြိမ်းအေးစေ၏။
ရဟန်းတို့ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဤလောက၌ ပူဆွေးခြင်း ငိုကြွေးခြင်းဖြင့် အကျိုးအနည်းငယ်မျှကိုလည်း စင်စစ် မရနိုင်၊ ပူဆွေးဆင်းရဲသော ထိုသူကို ရန်သူတို့ သိ၍ ဝမ်းမြောက်ကုန်၏။ အကြင်အခါ၌ ကား အကြောင်းကို ဆုံးဖြတ်ခြင်း၌ သိသော ပညာရှိသည် ဘေးရန် တို့ကြောင့်မတုန်မလှုပ်၊ (ထိုအခါ၌ ) ရန်သူတို့သည် ထိုပညာရှိပုဂ္ဂိုလ်၏ ရှေးမူ အတိုင်း မဖောက်ပြန်သောမျက်နှာကို တွေ့မြင်ရ၍ ဆင်းရဲကုန်၏။ ဂုဏ်ကျေးဇူးကို ချီးမွမ်းသဖြင့်ဖြစ်စေ တန်ခိုးရှိသော မန္တာန်ကို ရွတ်အံ သရဇ္ဈာယ်သဖြင့်ဖြစ်စေကောင်းမွန်သော စကားကို ပြောဆို၍ဖြစ်စေ တံစိုး လက်ဆောင်ပေးသဖြင့် ဖြစ်စေ မျိုးရိုးစဉ်ဆက်ကိုပြသဖြင့်ဖြစ်စေ အကျိုးရနိုင် သမျှအရာ၌ အားထုတ်ရာ၏။ ငါသော်လည်းကောင်း၊ အခြားသူသော်လည်းကောင်း (မအိုခြင်းစသော) ထို အကျိုးကို မရအပ်ဟူ၍အကယ်၍ သိခဲ့မူ ငါသည် ဝဋ်၌ တည်နေစေသော ကံကို မြဲမြံစွာ အားထုတ်အပ်ပြီ၊ ယခုအခါ၌ အဘယ်သို့လျှင် ပြုတော့အံ့နည်းဟု ဆင်ခြင်၍ ပူဆွေးခြင်းမရှိဘဲ သည်းခံရာသတည်း။
အဋ္ဌမသုတ်။