အင်္ဂုတ္တရနိကာယ်
၁-သေခဗလဝဂ်
၆-သမာပတ္တိသုတ်
၆။ ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’ သည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’ ပျောက်ကွယ်၍ မယုံကြည်မှု မြှေးယှက်တည်နေသောအခါ၌ မူကား အကုသိုလ် ဖြစ်ပေါ်လာ၏။
ရဟန်းတို့ ရှက်မှု ‘ဟိရီ’သည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ် မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ ရှက်မှု’ဟိရီ’ပျောက်ကွယ်၍ မရှက်မှု ‘အဟိရီက’ မြှေးယှက်တည်နေသော အခါ၌ မူကားအကုသိုလ်ဖြစ်ပေါ်လာ၏။
ရဟန်းတို့ ကြောက်လန့်မှု ‘သြတ္တပ္ပ’သည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ ကြောက်လန့်မှု ‘သြတ္တပ္ပ’ ပျောက်ကွယ်၍ မကြောက်လန့်မှု’အနောတ္တပ္ပ’ မြှေးယှက်တည်နေသော အခါ၌ မူကား အကုသိုလ် ဖြစ်ပေါ်လာ၏။
ရဟန်းတို့ အားထုတ်မှု ‘ဝီရိယ’ သည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ အားထုတ်မှု ‘ဝီရိယ’ ပျောက်ကွယ်၍ ပျင်းရိမှု မြှေးယှက်တည်နေသော အခါ၌ မူကား အကုသိုလ် ဖြစ်ပေါ်လာ၏။
ရဟန်းတို့ သိမှု ‘ပညာ’သည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ် မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ သိမှု ‘ပညာ’ပျောက်ကွယ်၍ မသိမှုမြှေးယှက်တည်နေသော အခါ၌ မူကား အကုသိုလ်ဖြစ်ပေါ်လာ၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။