အင်္ဂုတ္တရနိကာယ်
(၆) ၁-နီဝရဏဝဂ်
၅-မာတာပုတ္တသုတ်
၅၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းနှင့် ရဟန်းမိန်းမဖြစ်ကြသည့် သားအမိနှစ်ဦးတို့သည် ဝါကပ်နေကုန်၏၊ ထိုသားအမိနှစ်ဦးတို့သည် အချင်းချင်း မပြတ်တွေ့မြင်လိုကုန်၏၊ အမိကလည်း သားကို မပြတ်တွေ့မြင်လို၏၊ သားကလည်း အမိကို မပြတ် တွေ့မြင်လို၏၊ ထိုသားအမိနှစ်ဦးတို့မပြတ်တွေ့မြင်ခြင်းကြောင့် နှီးနှောခြင်း ဖြစ်လေ၏၊ နှီးနှောခြင်းကြောင့် အကျွမ်းဝင်ခြင်း ဖြစ်လေ၏၊ အကျွမ်းဝင်ခြင်းကြောင့် ရာဂစိတ် သက်ဝင်လေ၏၊ ထိုသားအမိနှစ်ဦးတို့သည် ရာဂသက်ဝင်သော စိတ်ရှိကုန်သည်ဖြစ်၍ သိက္ခာမချ အားနည်းမှုကို ထင်စွာ မပြုဘဲ မေထုန်အကျင့်ကို မှီဝဲကုန်၏။
ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကြကုန်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရား ဤသာဝတ္ထိပြည်၌ ရဟန်းနှင့် ရဟန်းမိန်းမဖြစ်ကြသည့် သားအမိနှစ်ဦးတို့သည် ဝါကပ်နေကြပါကုန်၏၊ ထိုသားအမိနှစ်ဦးတို့သည် အချင်းချင်းမပြတ်တွေ့မြင်လိုကြပါကုန်၏၊ အမိကလည်း သားကို မပြတ်တွေ့မြင်လိုပါ၏၊ သားကလည်း အမိကိုမပြတ်တွေ့မြင်လိုပါ၏၊ ထိုသားအမိနှစ်ဦးတို့ မပြတ်တွေ့မြင်ခြင်းကြောင့် နှီးနှောခြင်း ဖြစ်ပါ၏၊ နှီးနှောခြင်း ကြောင့် အကျွမ်းဝင်ခြင်း ဖြစ်ပါ၏၊ အကျွမ်းဝင်ခြင်းကြောင့် ရာဂစိတ် သက်ဝင်လာပါ၏၊ ထိုသားအမိ နှစ်ဦးတို့သည် ရာဂသက်ဝင်သော စိတ်ရှိကုန်သည် ဖြစ်၍ သိက္ခာမချ အားနည်းမှုကိုထင်စွာမပြုဘဲ မေထုန်အကျင့်ကို မှီဝဲကြပါကုန်၏”ဟု လျှောက်ကြကုန်၏။
ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ထိုယောကျာ်းသည် “အမိသည် သား၌ တပ်နှစ်သက် ခြင်းမဖြစ်နိုင်၊ သားသည်မူလည်း အမိ၌ တပ်နှစ်သက်ခြင်း မဖြစ်နိုင်”ဟု အောက်မေ့မှတ်ထင်လေ သလော။
ရဟန်းတို့ (လောက၌ ) မိန်းမ၏ အဆင်းကဲ့သို့ စွဲမက်စေတတ် နှစ်သက်စေတတ် ယစ်မူးစေတတ်နှောင်ဖွဲ့စေတတ် တွေဝေစေတတ်၍၊ အတုမရှိသော ယောဂကုန်ရာ နိဗ္ဗာန်သို့ ရောက်ခြင်း၏အန္တရာယ်ကို ပြုတတ်သော အခြားတစ်ခုသော အဆင်းကိုမျှလည်း ငါမမြင်။
ရဟန်းတို့ သတ္တဝါတို့သည် မိန်းမအဆင်း၌ စွဲမက်ကုန်၏၊ မက်မောကုန်၏၊ ရစ်ပတ်ကုန်၏၊ တွေဝေကုန်၏၊ (စိတ်ဖြင့်) လွှမ်းမိုးဝင်ရောက်ကုန်၏၊ ထိုသတ္တဝါတို့သည် မိန်းမတို့၏ အဆင်းအလိုသို့အစဉ်လိုက်ကုန်သည်ဖြစ်၍ ရှည်စွာသော ကာလပတ်လုံး ပူဆွေးကြရကုန်၏။
ရဟန်းတို့ (လောက၌ ) မိန်းမ၏ အသံကဲ့သို့။ပ။ အခြားတစ်ခုသော အသံကိုမျှလည်း။ပ။ အခြားတစ်ခုသော အနံ့ကိုမျှလည်း။ပ။ အခြားတစ်ခုသော အရသာကိုမျှလည်း။ပ။ ရဟန်းတို့ မိန်းမ၏ အတွေ့အထိကဲ့သို့ စွဲမက်စေတတ် နှစ်သက်စေတတ် ယစ်မူးစေတတ် နှောင်ဖွဲ့စေတတ် တွေဝေစေတတ်၍ အတုမရှိသော ယောဂကုန်ရာ နိဗ္ဗာန်သို့ ရောက်ခြင်း၏ အန္တရာယ်ကို ပြုတတ်သော အခြားတစ်ခုသောအတွေ့ အထိကိုမျှလည်း ငါ မမြင်။
ရဟန်းတို့ သတ္တဝါတို့သည် မိန်းမ၏ အတွေ့အထိ၌ စွဲမက်ကုန်၏၊ မက်မောကုန်၏၊ ရစ်ပတ်ကုန်၏၊ တွေဝေကုန်၏၊ (စိတ်ဖြင့်) လွှမ်းမိုးဝင်ရောက်ကုန်၏၊ ထိုသတ္တဝါတို့သည် မိန်းမတို့၏ အတွေ့အထိအလိုသို့ အစဉ်လိုက်ကုန်သည်ဖြစ်၍ ရှည်စွာသော ကာလပတ်လုံး ပူဆွေးကြရကုန်၏။
ရဟန်းတို့ မိန်းမသည် သွားနေသော်လည်း ယောကျာ်း၏ စိတ်ကို ဆွဲဆောင်၍ ထားနိုင်၏၊ ရပ်နေသော်လည်း၊ ထိုင်နေသော်လည်း၊ အိပ်နေသော်လည်း၊ ရယ်ရွှင်သော်လည်း၊ စကားပြောဆိုသော်လည်း၊ သီချင်း သီဆိုသော်လည်း၊ ငိုသော်လည်း၊ ဖူးဖူးရောင်သော်လည်း၊ သေသော်လည်း ယောကျာ်း၏ စိတ်ကိုသိမ်းကျုံးယူ၍ တည်၏။
ရဟန်းတို့ “မာရ်မင်း၏ ထက်ဝန်းကျင် ကျော့ကွင်း”ဟု ကောင်းစွာ ပြောဆိုလိုသူသည် မာတုဂါမကိုသာလျှင် “မာရ်မင်း၏ ထက်ဝန်းကျင် ကျော့ကွင်း”ဟု ပြောဆိုရာ၏ဟု (မိန့်တော်မူ၏)။
(သတ်ဖြတ်အံ့ဟု) သန်လျက်စွဲကိုင်သူနှင့် စကားပြောဆိုရာ၏၊ မြေဖုတ်ဘီလူးနှင့် သော်လည်းစကားပြောဆိုရာ၏၊ ကိုက်သည်ရှိသော် အသက်သေစေတတ်သော မြွေကိုသော်လည်း ထိပါးကိုင်တွယ်ရာ၏၊ မာတုဂါမနှင့် တစ်ယောက်ချင်းချင်း စကားမပြောမဆိုရာသည်သာတည်း။ ထိုမိန်းမတို့သည် သတိလွတ်ကင်းသော ယောကျာ်းကို ကြည့်ရှုခြင်းဖြင့်လည်း ကောင်း၊ ပြုံးရွှင်ခြင်းဖြင့်လည်းကောင်း၊ ထိုမှတစ်ပါး မလုံ့တလုံ ဝတ်ဆင်ခြင်းဖြင့်လည်းကောင်း၊ သာယာနူးညံ့စွာပြောဆိုခြင်းဖြင့်လည်းကောင်း နှောင်ဖွဲ့တတ်ကုန်၏၊ ထိုမိန်းမအလောင်းကောင်ကို သေ၍ဖူးဖူးရောင်ထနေသော်လည်း မထိပါး မကိုင် တွယ်အပ်သည်သာတည်း။ စိတ်နှလုံးပျော်မွေ့ဖွယ်ဖြစ်ကုန်သော အဆင်း အသံ အနံ့ အရသာ အတွေ့ဟူသော ဤကာမဂုဏ်ငါးပါးတို့သည် မိန်းမတို့ ရုပ်၌ ထင်ကုန်၏။ ဝတ္ထုကာမ ကိလေသာကာမတို့ကို ပိုင်းခြား၍ မသိကြကုန်သဖြင့် ကာမတည်းဟူသော သြဃ၌ မျောကြရကုန်သော ထိုသူတို့အား သံသရာ၌ ကာလ ဂတိ ဘဝ ကြီးငယ်ဟူသော တရားတို့သည်ခြံရံကုန်၏။ ဝတ္ထုကာမ ကိလေသာကာမတို့ကို ပိုင်းခြားသိမြင်၍ ဘေးရန် တစ်စုံတစ်ရာ မရှိကုန်ဘဲလှည့်လည်ကုန်သော ပုဂ္ဂိုလ်တို့သည် အရဟတ္တဖိုလ်ကို ရကုန်သည်ဖြစ်၍ စင်စစ်အားဖြင့် လောက၌ တစ်ဖက်ကမ်း (နိဗ္ဗာန်)သို့ ရောက်ကြလေကုန်သတည်း။
ပဉ္စမသုတ်။