အင်္ဂုတ္တရနိကာယ်
(၈) ၃-ယောဓာဇီဝဝဂ်
၆-ဒုတိယယောဓာဇီဝသုတ်
၇၆။ ရဟန်းတို့ လောက၌ ဤသူရဲကောင်းငါးမျိုးတို့သည် ထင်ရှားရှိကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤလောက၌ အချို့သော သူရဲကောင်းသည် သန်လျက်နှင့်ကာကို စွဲကိုင်လျက် လေးနှင့်မြားကျည်တောက်ကို လွယ်ပြီးလျှင် (နှစ်ဖက်စစ်သည်တို့) ယှဉ်ပြိုင်တိုက်ခိုက်ရာ စစ်မြေပြင်သို့ သက်ဆင်းလေ၏၊ ထိုသူရဲကောင်းသည် ထိုစစ်မြေပြင်၌ အားထုတ်၏၊ လုံ့လပြု၏၊ အားထုတ်လုံ့လပြုသောထိုသူရဲကောင်းကို တစ်ဖက်စစ်သည်တို့သည် သတ်ဖြတ်ကုန်၏၊ သေဆုံးခြင်းသို့ ရောက်စေကုန်၏၊ ရဟန်းတို့ ဤလောက၌ အချို့သော သူရဲကောင်းသည် ဤသို့သဘောရှိ၏။ ရဟန်းတို့ ဤသည်ကား လောက၌ ထင်ရှားရှိသော ပဌမသူရဲကောင်းတည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူရဲကောင်းသည် သန်လျက်နှင့်ကာကိုစွဲကိုင်လျက် လေးနှင့်မြားကျည်တောက်ကို လွယ်ပြီးလျှင် (နှစ်ဖက်စစ်သည်တို့) ယှဉ်ပြိုင်တိုက်ခိုက်ရာ စစ်မြေပြင်သို့ သက်ဆင်းလေ၏၊ ထိုသူရဲကောင်းသည် ထိုစစ်မြေပြင်၌ အားထုတ်၏၊ လုံ့လပြု၏၊ အားထုတ်လုံ့လပြုသော ထိုသူရဲကောင်းကို တစ်ဖက်စစ်သည်တို့သည် ထိုးပစ်ကုန်၏၊ ထိုသူရဲကောင်းကို (ကျန်အဖော်စစ်သည်တို့သည် စစ်မြေပြင်မှ မိမိတို့ စစ်တပ်ရှိရာသို့) ယူဆောင်သွားကုန်၏၊ ယူဆောင်ခဲ့ပြီးလျှင် အဆွေအမျိုးတို့ထံ ပို့ဆောင်ကြကုန်၏၊ အဆွေအမျိုးတို့ ယူဆောင်အပ်သည်ရှိသော် ထိုသူရဲကောင်းသည် ဆွေမျိုးတို့အိမ် မရောက်မီပင် လမ်းခရီးအကြား၌ သေဆုံး၏၊ ရဟန်းတို့ ဤလောက၌ အချို့သောသူရဲကောင်းသည် ဤသို့သဘောရှိ၏။ ရဟန်းတို့ ဤသည်ကား လောက၌ ထင်ရှားရှိသော ဒုတိယသူရဲကောင်းတည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူရဲကောင်းသည် သန်လျက်နှင့်ကာကိုစွဲကိုင်လျက် လေးနှင့်မြားကျည်တောက်ကို လွယ်ပြီးလျှင် (နှစ်ဖက်စစ်သည်တို့) ယှဉ်ပြိုင်တိုက်ခိုက်ရာ စစ်မြေပြင်သို့ သက်ဆင်းလေ၏၊ ထိုသူရဲကောင်းသည် ထိုစစ်မြေပြင်၌ အားထုတ်၏၊ လုံ့လပြု၏၊ အားထုတ်လုံ့လပြုသော ထိုသူရဲကောင်းကို တစ်ဖက်စစ်သည်တို့သည် ထိုးပစ်ကုန်၏၊ ထိုသူရဲကောင်းကို (ကျန်အဖော်စစ်သည်တို့သည် စစ်မြေပြင်မှ မိမိတို့ စစ်တပ်ရှိရာသို့) ယူဆောင်သွားကုန်၏၊ ယူဆောင်ခဲ့ပြီးလျှင် အဆွေအမျိုးတို့ထံ ပို့ဆောင်ကြကုန်၏၊ ထိုသူရဲကောင်းကို အဆွေအမျိုးတို့သည် လုပ်ကျွေးကုန်၏၊စောင့်ရှောက်ကုန်၏၊ ထိုသူရဲကောင်းသည် အဆွေအမျိုးတို့ လုပ်ကျွေးပြုစုစောင့်ရှောက်စဉ် ထိုဒဏ်ရာ (အနာ) ဖြင့်ပင်လျှင် သေဆုံး၏။ ရဟန်းတို့ ဤလောက၌ အချို့သော သူရဲကောင်းသည် ဤသို့သဘော့ရှိ၏။ ရဟန်းတို့ ဤသည်ကား လောက၌ ထင်ရှားရှိသော တတိယသူရဲကောင်းတည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူရဲကောင်းသည် သန်လျက်နှင့်ကာကိုစွဲကိုင်လျက် လေးနှင့်မြားကျည်တောက်ကို လွယ်ပြီးလျှင် (နှစ်ဖက်စစ်သည်တို့) ယှဉ်ပြိုင်တိုက်ခိုက်ရာ စစ်မြေပြင်သို့ သက်ဆင်းလေ၏၊ ထိုသူရဲကောင်းသည် ထိုစစ်မြေပြင်၌ အားထုတ်၏၊ လုံ့လပြု၏၊ အားထုတ်လုံ့လပြုသော ထိုသူရဲကောင်းကို တစ်ဖက်စစ်သည်တို့သည် ထိုးပစ်ကုန်၏၊ ထိုသူရဲကောင်းကို (ကျန်အဖော်စစ်သည်တို့သည် စစ်မြေပြင်မှ မိမိတို့ စစ်တပ်ရှိရာသို့) ယူဆောင်သွားကုန်၏၊ ယူဆောင်ခဲ့ပြီးလျှင် အဆွေအမျိုးတို့ထံ ပို့ဆောင်ကြကုန်၏၊ ထိုသူရဲကောင်းကို အဆွေအမျိုးတို့သည် လုပ်ကျွေးကုန်၏၊စောင့်ရှောက်ကုန်၏၊ ထိုသူရဲကောင်းသည် အဆွေအမျိုးတို့ လုပ်ကျွေးပြုစုစောင့်ရှောက်အပ်သည်ရှိသော်ထိုဒဏ်ရာ (အနာ) မှ ထမြောက်ကျန်းမာလာ၏။ ရဟန်းတို့ ဤလောက၌ အချို့သော သူရဲကောင်းသည်ဤသို့သဘောရှိ၏။ ရဟန်းတို့ ဤသည်ကား လောက၌ ထင်ရှားရှိသော စတုတ္ထသူရဲကောင်းတည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူရဲကောင်းသည် သန်လျက်နှင့်ကာကိုစွဲကိုင်လျက် လေးနှင့်မြားကျည်တောက်ကို လွယ်ပြီးလျှင် (နှစ်ဖက်စစ်သည်တို့) ယှဉ်ပြိုင်တိုက်ခိုက်ရာ စစ်မြေပြင်သို့ သက်ဆင်းလေ၏၊ ထိုသူရဲကောင်းသည် ထိုစစ်မြေပြင်ကို အောင်နိုင်၍ အောင်အပ်ပြီးသော စစ်မြေပြင်ရှိသည်ဖြစ်၍ ထိုစစ်မြေဦးကိုပင်လျှင် စိုးအုပ်၍ နေ၏။ ရဟန်းတို့ ဤလောက၌ အချို့သောသူရဲကောင်းသည် ဤသို့သဘော ရှိ၏။ ရဟန်းတို့ ဤသည်ကား လောက၌ ထင်ရှားရှိသော ပဉ္စမသူရဲကောင်းတည်း။
ရဟန်းတို့ ဤသူရဲကောင်းငါးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။
ရဟန်းတို့ ဤအတူသာလျှင် သူရဲကောင်းတို့နှင့်တူသော ဤ ပုဂ္ဂိုလ်ငါးမျိုးတို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏။
အဘယ်ငါးမျိုးတို့နှင့်ဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော ရွာကိုဖြစ်စေ နိဂုံးကိုဖြစ်စေ အမှီပြု၍ နေ၏၊ ထိုရဟန်းသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ထိုရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ကိုယ်ကို မစောင့်စည်း နှုတ်ကို မစောင့်စည်း စိတ်ကို မစောင့်စည်းမူ၍သာလျှင် သတိမထင်ဘဲ ဣန္ဒြေတို့ကို မပိတ်ဆို့မူ၍ ဆွမ်းခံဝင်၏၊ ထိုရဟန်းသည် ထိုဆွမ်းခံရာ၌ မလုံမခြုံဝတ်ဆင်သော မာတုဂါမကို မြင်၏၊ မလုံမခြုံဝတ်ဆင်သော မာတုဂါမကို မြင်သောကြောင့် စွဲမက်ခြင်း ‘ရာဂ’ သည် ထိုရဟန်း၏ စိတ်ကို ဖျက်ဆီး၏၊ ထိုရဟန်းသည် စွဲမက်ခြင်း ‘ရာဂ’ ဖျက်ဆီးအပ်သောစိတ်ရှိသည်ဖြစ်၍ သိက္ခာအားနည်းမှုကို ထင်စွာ မပြုမူ၍ သိက္ခာမချဘဲ မေထုန်အကျင့်ကို မှီဝဲ၏။
ရဟန်းတို့ ထိုသူရဲကောင်းသည် သန်လျက်နှင့် ကာကို စွဲကိုင်လျက် လေးနှင့် မြားကျည်တောက်ကိုလွယ်ပြီးလျှင် (နှစ်ဖက်စစ်သည်တို့) ယှဉ်ပြိုင်တိုက်ခိုက်ရာ စစ်မြေပြင်သို့ သက်ဆင်းလေ၏၊ ထိုသူရဲကောင်းသည် ထိုစစ်မြေပြင်၌ အားထုတ်၏၊ လုံ့လပြု၏၊ အားထုတ်လုံ့လပြုသော ထိုသူရဲကောင်းကိုတစ်ဖက်စစ်သည်တို့က သတ်ဖြတ်ကုန်သကဲ့သို့ သေဆုံးခြင်းသို့ ရောက်စေကုန်သကဲ့သို့ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုသူရဲကောင်းနှင့် တူ၏ဟူ၍ ငါဆို၏။
ရဟန်းတို့ ဤသာသနာ၌ အချို့သော ပုဂ္ဂိုလ်သည် ဤသို့သဘောရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည်ရဟန်းတို့၌ ထင်ရှားရှိသော ပဌမသူရဲကောင်းနှင့်တူသော ပုဂ္ဂိုလ်တည်း။
ရဟန်းတို့ နောက် တစ်မျိုးကား ရဟန်းသည် တစ်ခုခုသော ရွာကိုဖြစ်စေ နိဂုံးကိုဖြစ်စေ အမှီပြု၍နေ၏၊ ထိုရဟန်းသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ထိုရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ကိုယ်ကို မစောင့်စည်း နှုတ်ကို မစောင့်စည်း စိတ်ကို မစောင့်စည်းမူ၍သတိမထင်ဘဲ ဣန္ဒြေတို့ကို မပိတ်ဆို့မူ၍ ဆွမ်းခံဝင်၏၊ ထိုရဟန်းသည် ထိုဆွမ်းခံရာ၌ မလုံမခြုံ ဝတ်ဆင့်သော မာတုဂါမကို မြင်၏၊ မလုံမခြုံဝတ်ဆင်သော မာတုဂါမကို မြင်သောကြောင့် စွဲမက်ခြင်း ‘ရာဂ’ သည်ထိုရဟန်း၏ စိတ်ကို ဖျက်ဆီး၏၊ ထိုရဟန်းသည် စွဲမက်ခြင်း ‘ရာဂ’ ဖျက်ဆီးအပ်သော စိတ်ဖြင့် ကိုယ်၌ ပူလောင်၏၊ စိတ်၌ ပူလောင်၏၊ ထိုရဟန်းအား ဤသို့ အကြံဖြစ်၏ —
“အကယ်၍ ငါသည် ကျောင်းသို့ ပြန်သွားပြီးလျှင် ရဟန်းတို့အား ‘ငါ့သျှင်တို့ အကျွန်ုပ်သည် စွဲမက်ခြင်း’ရာဂ’ ထကြွသောင်းကျန်းခံရပါ၏၊ စွဲမက်ခြင်း ‘ရာဂ’ နှိပ်စက်ခံရပါ၏၊ မြတ်သောအကျင့်ကို ကျင့် သုံးဆောက်တည်ခြင်းငှါ မစွမ်းနိုင်တော့ပါ၊ သိက္ခာအားနည်းသည်၏ အဖြစ်ကို ထင်စွာပြု၍ သိက္ခာချ လျက်လူထွက်ပါအံ့”ဟု လျှောက်ရမူ ကောင်းလေရာ၏ဟု (အကြံဖြစ်၏)။ ထိုရဟန်းသည် ကျောင်းသို့ပြန်သွားသည်ရှိသော် ကျောင်းတွင်းသို့ မရောက်ဘဲ ခရီးအကြား၌ပင် သိက္ခာအားနည်းသည့်အဖြစ်ကိုထင်စွာပြု၍ သိက္ခာချလျက် လူထွက်၏။
ရဟန်းတို့ ထိုသူရဲကောင်းသည် သန်လျက်နှင့် ကာကို စွဲကိုင်လျက် လေးနှင့် မြားကျည်တောက်ကိုလွယ်ပြီးလျှင် (နှစ်ဖက်စစ်သည်တို့) ယှဉ်ပြိုင်တိုက်ခိုက်ရာ စစ်မြေပြင်သို့ သက်ဆင်းလေ၏၊ ထိုသူရဲကောင်းသည် စစ်မြေပြင်၌ အားထုတ်၏၊ လုံ့လပြု၏၊ အားထုတ်လုံ့လပြုသော ထိုစစ်သူရဲကောင်းကိုတစ်ဖက်စစ်သည်တို့သည် ထိုးပစ်ကုန်၏၊ ထိုသူရဲကောင်းကို (ကျန်အဖော်စစ်သည်တို့သည် စစ်မြေပြင်မှမိမိတို့ စစ်တပ်ရှိရာသို့) ယူဆောင်သွားကုန်၏၊ ယူဆောင်ခဲ့ပြီးလျှင် အဆွေအမျိုးတို့ထံ ပို့ဆောင်ကုန်၏၊ အဆွေအမျိုးတို့ ယူဆောင်အပ်သည်ရှိသော် ထိုသူရဲကောင်းသည် ဆွေမျိုးတို့အိမ် မရောက်မီပင် လမ်းခရီးအကြား၌ သေဆုံးလေသကဲ့သို့ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုသူရဲကောင်းနှင့် တူ၏ဟူ၍ ငါဆို၏။
ရဟန်းတို့ ဤသာသနာ၌ အချို့သော ပုဂ္ဂိုလ်သည် ဤသို့သဘောရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည်ရဟန်းတို့၌ ထင်ရှားရှိသော ဒုတိယသူရဲကောင်းနှင့်တူသော ပုဂ္ဂိုလ်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တစ်ခုခုသော ရွာကိုဖြစ်စေ နိဂုံးကိုဖြစ်စေ အမှီပြု၍ နေ၏၊ ထိုရဟန်းသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ထိုရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ကိုယ်ကို မစောင့်စည်း နှုတ်ကို မစောင့်စည်း စိတ်ကို မစောင့်စည်းမူ၍သတိမထင်ဘဲ ဣန္ဒြေတို့ကို မပိတ်ဆို့မူ၍ ဆွမ်းခံဝင်၏၊ ထိုရဟန်းသည် ထိုဆွမ်းခံရာ၌ မလုံမခြုံဝတ်ဆင်သော မာတုဂါမကို မြင်၏၊ မလုံမခြုံဝတ်ဆင်သော မာတုဂါမကို မြင်သောကြောင့် စွဲမက်ခြင်း ‘ရာဂ’ သည်ထိုရဟန်း၏ စိတ်ကို ဖျက်ဆီး၏၊ ထိုရဟန်းသည် စွဲမက်ခြင်း ‘ရာဂ’ ဖျက်ဆီးအပ်သော စိတ်ဖြင့် ကိုယ်၌ ပူလောင်၏၊ စိတ်၌ ပူလောင်၏၊ ထိုရဟန်းအား ဤသို့ အကြံဖြစ်၏—
“အကယ်၍ ငါသည် ကျောင်းသို့ ပြန်သွားပြီးလျှင် ရဟန်းတို့အား ‘ငါ့သျှင်တို့ အကျွန်ုပ်သည် စွဲမက်ခြင်း’ရာဂ’ ထကြွသောင်းကျန်းခံရပါ၏၊ စွဲမက်ခြင်း ‘ရာဂ’ နှိပ်စက်ခံရပါ၏၊ မြတ်သောအကျင့်ကိုကျင့်သုံးဆောက်တည်ခြင်းငှါ မစွမ်းနိုင်တော့ပါ၊ သိက္ခာပုဒ်၌ အားနည်းသည်၏ အဖြစ်ကို ထင်စွာပြု၍သိက္ခာချလျက် လူထွက်ပါအံ့”ဟု လျှောက်ရမူ ကောင်းလေရာ၏ဟု (အကြံဖြစ်၏)။ ထိုရဟန်းသည်ကျောင်းသို့ ပြန်သွား၍ ရဟန်းတို့အား— “ငါ့သျှင်တို့ အကျွန်ုပ်သည် စွဲမက်ခြင်း ‘ရာဂ’ ထကြွ သောင်းကျန်းခံရပါ၏၊ စွဲမက်ခြင်း ‘ရာဂ’ နှိပ်စက်ခံရပါ၏၊ မြတ်သောအကျင့်ကို ကျင့်သုံးဆောက်တည်ခြင်းငှါ မစွမ်းနိုင်တော့ပါ၊ သိက္ခာအားနည်းသည်၏ အဖြစ်ကို ထင်စွာပြု၍ သိက္ခာချလျက် လူထွက်ပါတော့အံ့”ဟုလျှောက်၏။
ထိုရဟန်းကို သီတင်းသုံးဖော်ရဟန်းတို့သည် သွန်သင်ကုန်၏၊ ဆုံးမကုန်၏—
“ငါ့သျှင် ကာမဂုဏ်တို့သည် သာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။
ကာမဂုဏ်တို့သည် အသားမကပ်သော အရိုးနှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏။
ကာမဂုဏ်တို့သည် သားတစ်နှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။
ကာမဂုဏ်တို့သည် မြက်မီးရှူးနှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏၊
ကာမဂုဏ်တို့သည် မီးကျီးတွင်းနှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏၊
ကာမဂုဏ်တို့သည် အိပ်မက်နှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏၊
ကာမဂုဏ်တို့သည် အငှါးပစ္စည်းနှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏၊
ကာမဂုဏ်တို့သည် အသီးရှိသော အပင်နှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏၊
ကာမဂုဏ်တို့သည် စဉ်းတီတုံးနှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏၊
ကာမဂုဏ်တို့သည် လှံတံကျင်နှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏၊
ကာမဂုဏ်တို့သည် မြွေဦးခေါင်းနှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ မြတ်စွာဘုရားဟောတော်မူ၏၊
အသျှင်သည် မြတ်သောအကျင့် ‘သာသနာ’၌ မွေ့လျော်ပါလော့၊ အသျှင်သည် သိက္ခာအားနည်း သည်၏အဖြစ်ကို ထင်စွာပြု၍ သိက္ခာချလျက် လူမထွက်ပါလင့်”ဟု (သွန်သင်ကုန်၏၊ ဆုံးမကုန်၏)။
ထိုရဟန်းသည် သီတင်းသုံးဖော်တို့က ဤသို့ သွန်သင်အပ်သည်ရှိသော် ဤသို့ ဆုံးမအပ်သည်ရှိ သော်ဤသို့ ပြန်ပြော၏—
“ငါ့သျှင်တို့ ကာမဂုဏ်တို့သည် သာယာဖွယ် နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ မြတ်စွာဘုရား ဟောထားပါ၏၊ သို့ပင်ဟောထားသော်လည်းအကျွန်ုပ်သည် မြတ်သောအကျင့်ကို ဆောက်တည်ကျင့်သုံးခြင်းငှါ မစွမ်းနိုင်တော့ပါ၊ သိက္ခာအားနည်းသည်၏ အဖြစ်ကို ထင်စွာပြု၍ သိက္ခာချလျက် လူထွက်ပါတော့အံ့”ဟု (ပြန်ပြော၏)။
ထိုရဟန်းသည် သိက္ခာအားနည်းခြင်းကို ထင်စွာပြု၍ သိက္ခာချလျက် လူထွက်၏။
ရဟန်းတို့ ထိုသူရဲကောင်းသည် သန်လျက်နှင့် ကာကို စွဲကိုင်လျက် လေးနှင့် မြားကျည်တောက်ကိုလွယ်ပြီးလျှင် (နှစ်ဖက်စစ်သည်တို့) ယှဉ်ပြိုင်တိုက်ခိုက်ရာ စစ်မြေပြင်သို့ သက်ဆင်းလေ၏၊ ထိုသူရဲကောင်း သည် ထိုစစ်မြေပြင်၌ အားထုတ်၏၊ လုံ့လပြု၏၊ အားထုတ်လုံ့လပြုသောထိုသူရဲကောင်းကို တစ်ဖက် စစ်သည်တို့သည် ထိုးပစ်ကုန်၏၊ ထိုသူရဲကောင်းကို (ကျန်အဖော်စစ်သည်တို့သည် စစ်မြေပြင်မှ မိမိတို့ စစ်တပ်ရှိရာသို့) ယူဆောင်သွားကုန်၏၊ ယူဆောင်ခဲ့ပြီးလျှင် အဆွေအမျိုးတို့ထံ ပို့ဆောင်ကြကုန်၏၊ ထိုသူရဲကောင်းကို အဆွေအမျိုးတို့သည်လုပ်ကျွေးကုန်၏၊စောင့်ရှောက်ကုန်၏၊ ထိုသူရဲကောင်းသည် အဆွေအမျိုးတို့လုပ်ကျွေးပြုစုစောင့်ရှောက်စဉ် ထိုဒဏ်ရာ (အနာ) ဖြင့်ပင်လျှင် သေဆုံး၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကိုထိုသူရဲကောင်းနှင့်တူ၏ဟူ၍ ငါဆို၏။
ရဟန်းတို့ ဤသာသနာ၌ အချို့သော ပုဂ္ဂိုလ်သည် ဤသို့သဘောရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည်ရဟန်းတို့၌ ထင်ရှားရှိသော တတိယသူရဲကောင်းနှင့်တူသော ပုဂ္ဂိုလ်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တစ်ခုခုသော ရွာကိုဖြစ်စေ နိဂုံးကိုဖြစ်စေ အမှီပြု၍ နေ၏၊ ထိုရဟန်းသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ထိုရွာသို့ ဖြစ်စေနိဂုံးသို့ဖြစ်စေ ကိုယ်ကို မစောင့်စည်း နှုတ်ကို မစောင့်စည်း စိတ်ကို မစောင့်စည်းမူ၍ သတိ မထင်ဘဲဣန္ဒြေတို့ကို မပိတ်မဆို့မူ၍ ဆွမ်းခံဝင်၏၊ ထိုရဟန်းသည် ထိုဆွမ်းခံရာ၌ မလုံမခြုံဝတ်ဆင်သောမာတုဂါမကို မြင်၏၊ မလုံမခြုံ ဝတ်ဆင်သော မာတုဂါမကို မြင်သောကြောင့် စွဲမက်ခြင်း ‘ရာဂ’ သည်ထိုရဟန်း၏ စိတ်ကို ဖျက်ဆီး၏၊ ထိုရဟန်းသည် စွဲမက်ခြင်း ‘ရာဂ’ ဖျက်ဆီးအပ်သော စိတ်ဖြင့် ကိုယ်၌ ပူလောင်၏၊ စိတ်၌ ပူလောင်၏၊ ထိုရဟန်းအား ဤသို့ အကြံဖြစ်၏ —
“အကယ်၍ ငါသည် ကျောင်းသို့ ပြန်သွားပြီးလျှင် ရဟန်းတို့အား ‘ငါ့သျှင်တို့ အကျွန်ုပ်သည် စွဲမက်ခြင်း’ရာဂ’ ထကြွသောင်းကျန်းခံရပါ၏၊ စွဲမက်ခြင်း ‘ရာဂ’ နှိပ်စက်ခံရပါ၏၊ မြတ်သောအကျင့်ကိုကျင့်သုံးဆောက်တည်ခြင်းငှါ မစွမ်းနိုင်တော့ပါ၊ သိက္ခာအားနည်းသည်၏ အဖြစ်ကို ထင်စွာပြု၍ သိက္ခာချလျက် လူထွက်ပါအံ့’ဟု လျှောက်ရမူ ကောင်းလေရာ၏”ဟု (အကြံဖြစ်၏)။
ထိုရဟန်းသည် ကျောင်းသို့ ပြန်သွား၍ ရဟန်းတို့အား—
“ငါ့သျှင်တို့ အကျွန်ုပ်သည် စွဲမက်ခြင်း’ရာဂ’ထကြွသောင်းကျန်းခံရပါ၏၊ စွဲမက်ခြင်း ‘ရာဂ’ နှိပ်စက်ခံရပါ၏၊ မြတ်သောအကျင့်ကို ကျင့်သုံးဆောက်တည်ခြင်းငှါ မစွမ်းနိုင်တော့ပါ၊ သိက္ခာအားနည်းသည်၏အဖြစ်ကို ထင်စွာပြု၍ သိက္ခာချလျက် လူထွက်ပါတော့အံ့”ဟု လျှောက်၏။
ထိုရဟန်းကို သီတင်းသုံးဖော်ရဟန်းတို့သည် သွန်သင်ကုန်၏၊ ဆုံးမကုန်၏—
“ငါ့သျှင် ကာမဂုဏ်တို့သည် သာယာဖွယ် နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှု များကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ မြတ်စွာဘုရားဟောတော်မူ၏၊ ကာမဂုဏ်တို့သည် အသားမကပ်သော အရိုးနှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ မြတ်စွာဘုရားဟောတော်မူ၏၊ ကာမဂုဏ်တို့သည် သားတစ်နှင့် တူကုန်၏။ပ။ ဟူ၍ မြတ်စွာဘုရားဟောတော်မူ၏၊ ကာမဂုဏ်တို့သည် မြက်မီးရှူးနှင့် တူကုန်၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ကာမဂုဏ်တို့သည် မီးကျီးတွင်းနှင့် တူကုန်၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ကာမဂုဏ်တို့သည် အိပ်မက်နှင့်တူကုန်၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ကာမဂုဏ်တို့သည် အငှါးပစ္စည်းနှင့် တူကုန်၏ဟူ၍ုမြတ်စွာဘုရား ဟောတော်မူ၏၊ ကာမဂုဏ်တို့သည် အသီးရှိသော အပင်နှင့် တူကုန်၏ဟူ၍ မြတ်စွာဘုရားဟောတော်မူ၏၊ ကာမဂုဏ်တို့သည် စဉ်းတီတုံးနှင့် တူကုန်၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ကာမဂုဏ်တို့သည် လှံတံကျင်နှင့် တူကုန်၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ကာမဂုဏ်တို့သည်မြွေဦးခေါင်းနှင့် တူကုန်၏၊ ဆင်းရဲများကုန်၏၊ ပင်ပန်းမှုများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ငါ့သျှင်သည် မြတ်သောအကျင့် ‘သာသနာ’၌ မွေ့လျော်ပါလော့၊ ငါ့သျှင်သည် သိက္ခာအားနည်းသည်၏ အဖြစ်ကို ထင်စွာပြု၍ သိက္ခာချလျက်လူမထွက်ပါလင့်”ဟု (သွန်သင်ကုန်၏၊ ဆုံးမကုန်၏)။
ထိုရဟန်းသည် သီတင်းသုံးဖော်ရဟန်းတို့က ဤသို့ သွန်သင်အပ်သည်ရှိသော် ဤသို့ ဆုံးမအပ် သည်ရှိသော် ဤသို့ ပြန်ပြော၏—
“ငါ့သျှင်တို့ အားထုတ်ပါအံ့၊ လုံ့လပြုပါတော့အံ့၊ (မြတ်သောအကျင့်၌ ) မွေ့လျော်ပါတော့အံ့၊ ငါ့သျှင်တို့ ယခုအခါ၌ အကျွန်ုပ်သည် သိက္ခာပုဒ်၌ အားနည်းသည်၏ အဖြစ်ကို ထင်စွာပြု၍ သိက္ခာချလျက် လူမထွက်တော့ပါအံ့”ဟု (လျှောက်၏)။
ရဟန်းတို့ ထိုသူရဲကောင်းသည် သန်လျက်နှင့် ကာကို စွဲကိုင်လျက် လေးနှင့် မြားကျည်တောက်ကိုလွယ်ပြီးလျှင် (နှစ်ဖက်စစ်သည်တို့) ယှဉ်ပြိုင်တိုက်ခိုက်ရာ စစ်မြေပြင်သို့ သက်ဆင်းလေ၏၊ ထိုသူရဲကောင်းသည် ထိုစစ်မြေပြင်၌ အားထုတ်၏၊ လုံ့လပြု၏၊ အားထုတ်လုံ့လပြုသော ထိုစစ်သူရဲကောင်းကို့တစ်ဖက်စစ်သည်တို့သည် ထိုးပစ်ကြကုန်၏၊ ထိုသူရဲကောင်းကို (ကျန်အဖော် စစ်သည်တို့သည် စစ်မြေပြင်မှ မိမိတို့ စစ်တပ်ရှိရာသို့) ယူဆောင်သွားကုန်၏၊ ယူဆောင်ခဲ့ကုန်ပြီးလျှင် ဆွေမျိုးတို့ထံ ပို့ဆောင်ကုန်၏၊ ထိုသူရဲကောင်းကို အဆွေအမျိုးတို့သည် လုပ်ကျွေးကုန်၏၊စောင့်ရှောက်ကုန်၏။ ထိုသူရဲကောင်းသည် အဆွေအမျိုးတို့က လုပ်ကျွေးစောင့်ရှောက် အပ်သည်ရှိသော် ထိုဒဏ်ရာ (အနာ) မှ ထမြောက်ကျန်းမာလာ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုသူရဲကောင်းနှင့် တူ၏ဟူ၍ ငါဆို၏။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ဤသို့သဘောရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ရဟန်းတို့၌ ထင်ရှားရှိသော စတုတ္ထသူရဲကောင်းနှင့်တူသော ပုဂ္ဂိုလ်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တစ်ခုခုသော ရွာကိုဖြစ်စေ နိဂုံးကိုဖြစ်စေ အမှီပြု၍ နေ၏၊ ထိုရဟန်းသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ထိုရွာသို့ဖြစ်စေနိဂုံးသို့ဖြစ်စေ ကိုယ်ကိုစောင့်စည်း နှုတ်ကိုစောင့်စည်း စိတ်ကိုစောင့်စည်း၍ သတိထင်လျက် ဣန္ဒြေတို့ကို ပိတ်ဆို့၍ ဆွမ်းခံ ဝင်၏၊ ထိုရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (ယောကျာ်းမိန်းမစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ အကယ်၍ စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေကိုမစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို (မစောင့်စည်း) သူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကိုစောင့်ရှောက်၏၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်၏။
နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။
နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသော်။
လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော်။
ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို ထိသော်။
စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကို သိသော် (ယောကျာ်းမိန်းမစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ အကယ်၍မနိန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့်မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာ ခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထို (မစောင့်စည်း) သူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ရဟန်းသည် ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ ထိုမနိန္ဒြေကိုစောင့်ရှောက်၏၊ ထိုမနိန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်၏၊ ထိုရဟန်းသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ပြန်ခဲ့၍ တော သစ်ပင်ရင်း တောင် ချောက်တောင်ခေါင်း သင်းချိုင်း တောအုပ် လွင်ပြင် ကောက်ရိုးပုံဟူသော ဆိတ်ငြိမ်ရာကျောင်း (အိပ်ရာနေရာ) ကိုမှီဝဲ၏၊ ထိုရဟန်းသည် တောသို့ဖြစ်စေ သစ်ပင်ရင်းသို့ဖြစ်စေ ဆိတ်ငြိမ်သော ကျောင်းသို့ဖြစ်စေကပ်ရောက်၍ ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကိုဖြစ်စေလျက် ထိုင်၏။
ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါးဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ကို ပယ်၍။ပ။ ထိုရဟန်းသည် စိတ်၏ ညစ်ညူးကြောင်းဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သောအပိတ်အပင် ‘နီဝရဏ’ ငါးပါးတို့ကို ပယ်စွန့် ကာမဂုဏ်တရားတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။
ထိုရဟန်းသည် ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော့်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကိုကုန်စေသော’အာသဝက္ခယ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထိုရဟန်းသည် “ဤကား ဆင်းရဲ”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ပ။ “ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီဟု သိ၏။
ရဟန်းတို့ ထိုသူရဲကောင်းသည် သန်လျက်နှင့် ကာကို စွဲကိုင်လျက် လေးနှင့်မြားကျည်တောက်ကိုလွယ်ပြီးလျှင် (နှစ်ဖက်စစ်သည်တို့) ယှဉ်ပြိုင်တိုက်ခိုက်ရာ စစ်မြေပြင်သို့ သက်ဆင်းလေ၏၊ ထိုသူရဲကောင်းသည် ထိုစစ်မြေပြင်အရပ်ကို အောင်မြင်လျက် အောင်မြင်ပြီးသော စစ်မြေပြင်ရှိသည်ဖြစ်၍ထိုစစ်မြေဦးကိုပင် စိုးအုပ်လျက်နေသကဲ့သို့ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုသူရဲကောင်းနှင့်တူ၏ဟူ၍ ငါဆို၏။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ဤသို့သဘောရှိ၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ရဟန်းတို့၌ ထင်ရှားရှိသော ပဉ္စမသူရဲကောင်းနှင့်တူသော ပုဂ္ဂိုလ်တည်း။
ရဟန်းတို့ ဤသူရဲကောင်းငါးမျိုးတို့နှင့် တူသော ပုဂ္ဂိုလ်ငါးမျိုးတို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။