အင်္ဂုတ္တရနိကာယ်
(၈) ၃-ယောဓာဇီဝဝဂ်
၅-ပဌမသုတ် ယောဓာဇီဝသုတ်
၇၅။ ရဟန်းတို့ သူရဲကောင်းငါးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤလောက၌ အချို့သော သူရဲကောင်းသည် (ဆင်တပ် မြင်းတပ် စသည်တို့ကြောင့်တက်လာသော) မြူမှုန့်ထုကို မြင်၍ ဆုတ်နစ်၏၊ ထိုမှ ဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ စစ်မြေပြင်သို့သက်ဆင်းရန် မတတ်နိုင်၊ ရဟန်းတို့ လောက၌ ဤသို့သဘောရှိသော အချို့သော သူရဲကောင်းသည်လည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား လောက၌ ထင်ရှားရှိသော ပဌမသူရဲကောင်းတည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူရဲကောင်းသည် (ဆင်တပ် မြင်းတပ်စသည်တို့ကြောင့် တက်လာသော) မြူမှုန့်ထုကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊သို့သော်လည်း အလံဖျားကို မြင်ရပါမူကား ဆုတ်နစ်၏၊ ထိုမှ ဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ စစ်မြေပြင်သို့ သက် ဆင်းရန် မတတ်နိုင်၊ ရဟန်းတို့ လောက၌ ဤသို့သဘောရှိသော အချို့သောသူရဲကောင်းသည်လည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား လောက၌ ထင်ရှားရှိသောဒုတိယသူရဲကောင်းတည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူရဲကောင်းသည် (ဆင်တပ် မြင်းတပ်စသည်တို့ကြောင့် တက်လာသော) မြူမှုန့်ထုကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ အလံဖျားကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊သို့သော်လည်း (ဆင် မြင်း ရထား ဗိုလ်ခြေတို့၏) ကျယ်လောင်မြောက်မြားသော အသံကို ကြားရမူကား ဆုတ်နစ်၏၊ ထိုမှ ဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ စစ်မြေပြင်သို့ သက်ဆင်းရန် မတတ်နိုင်၊ ရဟန်းတို့ လောက၌ ဤသို့သဘောရှိသော အချို့သောသူရဲကောင်းသည်လည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား လောက၌ ထင်ရှားရှိသော တတိယသူရဲကောင်းတည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူရဲကောင်းသည် (ဆင်တပ် မြင်းတပ်စသည်တို့ကြောင့် တက်လာသော) မြူမှုန့်ထုကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ အလံဖျားကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ (ဆင် မြင်း ရထား ဗိုလ်ခြေတို့၏) ကျယ်လောင်မြောက်မြားသော အသံကို (ကြားရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊သို့သော်လည်းထိုးပစ်ပုတ်ခတ်ခြင်းကြောင့် ပင်ပန်း၏၊ ပျက်စီးခြင်းသို့ ရောက်၏၊ ရဟန်းတို့ လောက၌ ဤသို့သဘောရှိသော အချို့သော သူရဲကောင်း သည်လည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား လောက၌ ထင်ရှားရှိသော စတုတ္ထသူရဲကောင်းတည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော သူရဲကောင်းသည် (ဆင်တပ် မြင်းတပ် စသည်တို့ကြောင့် တက်လာသော) မြူမှုန့်ထုကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်၏၊ အလံဖျားကို (မြင်ရသော်လည်း) ကြံ့ကြံ့ ခံနိုင်၏၊ (ဆင် မြင်း ရထား ဗိုလ်ခြေတို့၏) ကျယ်လောင်မြောက်မြားသောအသံကို (ကြားရသော်လည်း) ကြံ့ကြံ့ခံနိုင်၏၊ ထိုးပစ်ပုတ်ခတ်ခြင်းကိုလည်း ကြံ့ကြံ့ခံနိုင်၏၊ ထိုသူရဲကောင်းသည် ထိုစစ်မြေပြင်အရပ်ကို အောင်မြင်လျက် အောင်အပ်ပြီးသော စစ်မြေပြင်ရှိသည်ဖြစ်၍ထိုစစ်မြေဦးကိုပင်လျှင် စိုးအုပ်၍ နေ၏၊ ရဟန်းတို့ လောက၌ ဤသို့သဘောရှိသော အချို့သော သူရဲကောင်းသည်လည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား လောက၌ ထင်ရှားရှိသောပဉ္စမသူရဲကောင်းတည်း။
ရဟန်းတို့ ဤသူရဲကောင်းငါးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။
ရဟန်းတို့ ဤအတူပင် သူရဲကောင်းတို့နှင့် တူကုန်သော ဤပုဂ္ဂိုလ်ငါးမျိုးတို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မြူမှုန့်ထုကိုသာလျှင် မြင်၍ ဆုတ်နစ်၏၊ ထိုမှ ဤမှဆုတ်နစ်၏၊ မရပ်တည်နိုင်၊ မြတ်သောအကျင့်ကို ဆောက်တည်ခြင်းငှါ မတတ်နိုင်၊ သိက္ခာအားနည်းမှုကိုထင်စွာပြု၍ သိက္ခာချပြီးလျှင် လူထွက်၏။
ထိုရဟန်း၏ မြူမှုန့်ထုဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤမည်သော ရွာ နိဂုံး၌ မိန်းမကြီးသည်လည်းကောင်း၊ မိန်းမပျိုသည်လည်းကောင်း အလွန်အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ စိတ်ကြည်လင်ဖွယ် ရှိ၏၊ လွန်ကဲသောအဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၏”ဟူ၍ (သတင်း) ကြား၏၊ ထိုရဟန်းသည် ထိုသတင်းကို ကြား၍ဆုတ်နစ်၏၊ ထိုမှ ဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ မြတ်သော အကျင့်ကို ဆောက်တည်ခြင်းငှါမတတ်နိုင်၊ သိက္ခာအားနည်းမှုကို ထင်စွာပြု၍ သိက္ခာချပြီးလျှင် လူထွက်လေ၏၊ ဤသည်ကား ထိုရဟန်း၏ မြူမှုန့်ထုပင်တည်း။
ရဟန်းတို့ ထိုသူရဲကောင်းသည် မြူမှုန့်ထုကို မြင်၍သာလျှင် ဆုတ်နစ်၏၊ ထိုမှ ဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ စစ်မြေပြင်သို့ သက်ဆင်းခြင်းငှါ မတတ်နိုင်သကဲ့သို့ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုသူရဲကောင်းနှင့် တူ၏ဟူ၍ ငါဆို၏။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ဤသို့သဘောရှိ၏၊ ရဟန်းတို့ ဤသည် ကားရဟန်းတို့၌ ထင်ရှားရှိသော ပဌမသူရဲကောင်းနှင့်တူသော ပုဂ္ဂိုလ်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် မြူမှုန့်ထုကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင် သေး၏၊ သို့သော်လည်း အလံဖျားကို မြင်ရမူကား ဆုတ်နစ်၏၊ ထိုမှ ဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ မြတ်သောအကျင့်ကို ဆောက်တည်ခြင်းငှါ မတတ်စွမ်းနိုင်၊ သိက္ခာအားနည်းမှုကို ထင်စွာပြု၍ သိက္ခာချ ပြီးလျှင်လူထွက်လေ၏။
ထိုရဟန်း၏ အလံဖျားဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤမည်သောရွာ ဤမည်သောနိဂုံး၌ မိန်းမကြီးသည်လည်းကောင်း၊ မိန်းမပျိုသည်လည်းကောင်း အလွန်အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ စိတ်ကြည်လင်ဖွယ်ရှိ၏၊ လွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏”ဟူ၍ (သတင်းမူကား) မကြား၊ စင်စစ်သော်ကား အလွန်အဆင်းလှ၍ ရှုချင်ဖွယ်လည်းရှိ စိတ်ကြည်လင်ဖွယ်လည်းရှိသဖြင့် လွန်ကဲသော အဆင်းသဏ္ဌာန်နှင့်ပြည့်စုံသော မိန်းမကြီးကိုလည်းကောင်း၊ မိန်းမပျိုကိုလည်းကောင်း ကိုယ်တိုင်ပင် တွေ့မြင်၏။
ထိုရဟန်းသည် ထိုမိန်းမကို တွေ့မြင်ရ၍ ဆုတ်နစ်၏၊ ထိုမှ ဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ မြတ်သော အကျင့်ကို ဆောက်တည်ခြင်းငှါ မတတ်နိုင်၊ သိက္ခာအားနည်းမှုကို ထင်စွာပြု၍သိက္ခာချပြီးလျှင် လူထွက်လေ၏၊ ဤသည်ကား ထိုရဟန်း၏ အလံဖျားပင်တည်း။
ရဟန်းတို့ ထိုသူရဲကောင်းသည် မြူမှုန့်ထုကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ သို့သော်လည်းအလံဖျားကို မြင်ရမူကား ဆုတ်နစ်၏၊ ထိုမှ ဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ စစ်မြေပြင်သို့သက်ဆင်းခြင်းငှါ မစွမ်းနိုင်သကဲ့သို့ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုသူရဲကောင်းနှင့် တူ၏ဟူ၍ ငါဆို၏။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ဤသို့သဘောရှိ၏၊ ရဟန်းတို့ ဤသည် ကား့ရဟန်းတို့၌ ထင်ရှားရှိသော ဒုတိယသူရဲကောင်းနှင့်တူသော ပုဂ္ဂိုလ်တည်း။
ရဟန်းတို့ နောက် တစ်မျိုးကား ရဟန်းသည် မြူမှုန့်ထုကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ အလံဖျားကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ သို့သော်လည်း ကျယ်လောင်မြောက်မြားသောအသံကို ကြားရမူကား ဆုတ်နစ်၏၊ ထိုမှဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ မြတ်သောအကျင့်ကို ဆောက်တည်ခြင်းငှါ မတတ်နိုင်၊ သိက္ခာအားနည်းမှုကို ထင်စွာပြု၍ သိက္ခာချပြီးလျှင် လူထွက်လေ၏။
ထိုရဟန်း၏ ကျယ်လောင်မြောက်မြားသော အသံဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ တောသို့ဖြစ်စေ သစ်ပင်ရင်းသို့ဖြစ်စေ ဆိတ်ငြိမ်ရာသို့ဖြစ်စေ ကပ်ရောက်နေသော ရဟန်းသို့ မာတုဂါမသည် ချဉ်းကပ်လာ၍ ပြုံးလည်း ပြုံး၏၊ မြှောက်ပင့်၍လည်း ပြောဆို၏၊ ပြင်းစွာလည်း ရယ်မော၏၊ ပြောင်လှောင်လည်း ပြောင်လှောင်၏၊ ထိုရဟန်းသည် မာတုဂါမကပြုံး သည်ရှိသော် မြှောက်ပင့်၍ ပြောဆိုသည်ရှိသော် ပြင်းစွာ ရယ်သည်ရှိသော် ပြောင်လှောင်သည်ရှိသော်ဆုတ် နစ်၏၊ ထိုမှ ဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မတတ်နိုင်၊ သိက္ခာ အားနည်းမှုကို ထင်စွာပြု၍ သိက္ခာချပြီးလျှင် လူထွက်လေ၏၊ ဤသည်ကား ထိုရဟန်း၏ကျယ်လောင် မြောက်မြားသော အသံပင်တည်း။
ရဟန်းတို့ ထိုသူရဲကောင်းသည် မြူမှုန့်ထုကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ အလံဖျားကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ သို့သော်လည်း ကျယ်လောင်မြောက်မြားသော အသံကိုကြားရမူကား ဆုတ်နစ်၏၊ ထိုမှဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ စစ်မြေပြင်သို့ သက်ဆင်းခြင်းငှါမတတ် နိုင်သကဲ့သို့ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုသူရဲကောင်းနှင့် တူ၏ဟူ၍ ငါဆို၏။
ရဟန်းတို့ အချို့သော ရဟန်းသည် ဤသာသနာတော်၌ ဤသို့ သဘောရှိ၏၊ ရဟန်းတို့ ဤသည်ကားရဟန်းတို့၌ ထင်ရှားရှိသော တတိယသူရဲကောင်းနှင့်တူသော ပုဂ္ဂိုလ်တည်း။
ရဟန်းတို့ နောက် တစ်မျိုးကား ရဟန်းသည် မြူမှုန့်ထုကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ အလံဖျားကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ ကျယ်လောင်မြောက်မြားသော အသံကို (ကြားရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ သို့သော်လည်း ထိုးပစ်ပုတ်ခတ်သော်ကား ပင်ပန်း၏၊ ပျက်စီး၏။
ထိုရဟန်း၏ ထိုးပစ်ပုတ်ခတ်ခြင်းဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ တောသို့ဖြစ်စေ သစ်ပင်ရင်းသို့ဖြစ်စေ ဆိတ်ငြိမ်ရာသို့ဖြစ်စေ ကပ်ရောက်နေသော ရဟန်းသို့ မာတုဂါမသည် ချဉ်းကပ်လာပြီးလျှင် အနီး၌ ကပ်၍ ထိုင်၏၊ အနီး၌ ကပ်၍အိပ်၏၊ ဖိစီးလွှမ်းမိုး၏၊ ထိုရဟန်းသည် မာတုဂါမက အနီး၌ ကပ်၍ ထိုင်နေသည်ရှိသော် အနီး၌ ကပ်၍အိပ်နေသည်ရှိသော် ဖိစီးလွှမ်းမိုးသည်ရှိသော် သိက္ခာအားနည်းမှုကို ထင်စွာ မပြုမူ၍ သိက္ခာမချဘဲမေထုန်အကျင့်ကို မှီဝဲ၏၊ ဤသည်ကား ထိုရဟန်း၏ ထိုးပစ်ပုတ်ခတ်ခြင်းပင်တည်း။
ရဟန်းတို့ ထိုသူရဲကောင်းသည် မြူမှုန့်ထုကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ အလံဖျားကို (မြင်ရ သော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ ကျယ်လောင်မြောက်မြားသော အသံကို (ကြားရသော်လည်း) ကြံ့ကြံ့ခံနိုင်သေး၏၊ သို့သော်လည်း ထိုးပစ်ပုတ်ခတ်သော်ကား ပင်ပန်းပျက်စီးသကဲ့သို့ ရဟန်းတို့ဤပုဂ္ဂိုလ်ကို ထိုသူရဲကောင်းနှင့် တူ၏ဟူ၍ ငါဆို၏။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဤသို့သဘောရှိ၏၊ ရဟန်းတို့ ဤသည် ကားရဟန်းတို့၌ ထင်ရှားရှိသော စတုတ္ထသူရဲကောင်းနှင့်တူသော ရဟန်းတည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် မြူမှုန့်ထုကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်၏၊ အလံဖျားကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်၏၊ ကျယ်လောင်မြောက်မြားသော အသံကို (ကြားရသော်လည်း) ကြံ့ကြံ့ခံနိုင်၏၊ ထိုးပစ်ပုတ်ခတ်ခြင်းကိုလည်း ကြံ့ကြံ့ခံနိုင်၏၊ ထိုရဟန်းသည် ထိုစစ်မြေပြင်ကို့အောင်မြင်လျက် အောင်အပ်ပြီးသော စစ်မြေပြင်ရှိသည်ဖြစ်၍ ထိုစစ်မြေပြင်ဦးကိုပင်လျှင် စိုးအုပ်၍ နေ၏။
ထိုရဟန်း၏ အောင်အပ်ပြီးသော စစ်မြေပြင်ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ တောသို့ဖြစ်စေ သစ်ပင်ရင်းသို့ဖြစ်စေ ဆိတ်ငြိမ်ရာသို့ဖြစ်စေ ကပ်ရောက်နေသော ရဟန်းသို့ မာတုဂါမသည် ချဉ်းကပ်လာပြီးလျှင် အနီး၌ ကပ်၍ ထိုင်၏၊ အနီး၌ ကပ်၍အိပ်၏၊ ဖိစီး လွှမ်းမိုး၏၊ ထိုရဟန်းသည် မာတုဂါမက အနီး၌ ကပ်၍ ထိုင်နေသည်ရှိသော် အနီး၌ ကပ်၍ အိပ်နေသည်ရှိသော် ဖိစီးလွှမ်းမိုးသည်ရှိသော် ဖြေ၍ လွှတ်စေလျက် အလိုရှိရာ အရပ်သို့ဖဲသွား၏။ ထိုရဟန်းသည် တော သစ်ပင်ရင်း တောင် ချောက် တောင်ခေါင်း သင်းချိုင်း တောအုပ်လွင်ပြင် ကောက်ရိုးပုံဟူသော ဆိတ်ငြိမ်သော ကျောင်း (အိပ်ရာနေရာ) ကို မှီဝဲ၏၊ ထိုရဟန်းသည်တောသို့ ကပ်၍လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်၍လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ကပ်၍လည်းကောင်းထက်ဝယ် ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ (ကမ္မဋ္ဌာန်းသို့) ရှေးရှု သတိကို ဖြစ်စေလျက်ထိုင်၏၊ ထို ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးပါးဟူသော လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ ကို ပယ်၍မက်မောခြင်း ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေ၏၊ ပျက်စီးစေ လိုသော ဒေါသကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏အစီး အပွါးကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ‘ဒေါသ’ မှ စိတ်ကို စင်ကြယ်စေ၏၊ လေးလံထိုင်းမှိုင်း ခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍အောက်မေ့ဆင်ခြင်လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှစိတ်ကို စင်ကြယ်စေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိ သည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်ရခြင်း ‘ကုက္ကုစ္စ’မှ စိတ်ကို စင်ကြယ်စေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို လွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’မှ စိတ်ကို စင်ကြယ်စေ၏၊ ထိုရဟန်းသည် စိတ်၏ညစ်ညူးကြောင်းဖြစ်ကုန်သော ပညာ၏အားနည်းခြင်းကို ပြုတတ်ကုန်သောဤအပိတ်အပင် ‘နီဝရဏ’ တရားငါးပါးတို့ကို ပယ်စွန့်၍ ကာမဂုဏ်တရားတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။
ထိုရဟန်းသည် ဤသို့တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကိုကုန်စေတတ်သော’အာသဝက္ခယ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထိုရဟန်းသည် “ဤကား ဆင်းရဲ”ဟုဟုတ်တိုင်း မှန်စွာ သိ၏၊ “ဤကား ဆင်းရဲဖြစ်ပေါ် ခြင်း၏ အကြောင်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤသည်တို့ကား အာသဝေါတရားတို့”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား အာသဝေါတရားတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်း”ဟုဟုတ်တိုင်းမှန်စွာသိ၏၊ “ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကားအာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်”ဟုဟုတ်တိုင်းမှန်စွာ သိ၏။
ဤသို့သိသော ဤသို့မြင်သော ထို (ရဟန်း) ၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော်”လွတ်မြောက်လေပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကိုကျင့်သုံး ပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု့သိ၏၊ ဤ သည်ကား ထိုရဟန်း၏ အောင်အပ်ပြီး သော စစ်မြေပြင်ပင်တည်း။
ရဟန်းတို့ ထိုသူရဲကောင်းသည် မြူမှုန့်ထုကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်၏၊ အလံဖျားကို (မြင်ရသော်လည်း) ကြံ့ကြံ့ခံနိုင်၏၊ ကျယ်လောင်မြောက်မြားသော အသံတို့ကို (ကြားရသော်လည်း) ကြံ့ကြံ့ခံနိုင်၏။ ထိုးပစ်ပုတ်ခတ်ခြင်းကိုလည်း ကြံ့ကြံ့ခံနိုင်သေး၏၊ ထိုသူရဲကောင်းသည် ထိုစစ်မြေပြင်အရပ်ကို အောင်မြင်လျက် အောင်အပ်ပြီးသော စစ်မြေပြင်ရှိသည်ဖြစ်၍ ထိုစစ်မြေဦး၌ပင်လျှင် စိုးအုပ်၍နေ သကဲ့သို့ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုသူရဲကောင်းနှင့် တူ၏ဟူ၍ ငါဆို၏။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဤသို့သဘောရှိ၏၊ ရဟန်းတို့ ဤသည် ကားရဟန်းတို့၌ ထင်ရှားရှိသော ပဉ္စမသူရဲကောင်းနှင့်တူသော ပုဂ္ဂိုလ်တည်း။
ရဟန်းတို့ သူရဲကောင်းနှင့်တူကုန်သော ဤပုဂ္ဂိုလ်ငါးမျိုးတို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။