အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-ကကုဓဝဂ်

၉-သီဟသုတ်

၉၉။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ညနေချမ်းအခါ နေရာမှ ထွက်၍ ကွန့်မြူးလျက် ပတ်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို စောင်းငဲ့ ကြည့်ရှုပြီးနောက် သုံးကြိမ်ဟောက်လျက် ကျက်စားရန် ထွက်သွား၏၊ ထိုခြင်္သေ့မင်းသည် အကယ်၍ ဆင်ကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။ ကျွဲကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။ နွားကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။ သစ်ကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစားမသတ်ပုတ်။ အယုတ်သဖြင့် ယုန် ကြောင် စသော ငယ်သော သတ္တဝါတို့ကိုပင် သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏၊ မလေးမစား မသတ်ပုတ်။ ထိုသို့ လေးလေးစားစား သတ်ပုတ်ခြင်းသည် အဘယ်ကြောင့်နည်း “ငါ၏ အားထုတ်မှုလမ်းစဉ်သည် မပျက်စီးပါစေလင့်”ဟု နှလုံးသွင်းသောကြောင့်တည်း။

ရဟန်းတို့ “ခြင်္သေ့”ဟူသော အမည်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ အ မည်တော်ပင် ဖြစ်၏၊ ရဟန်းတို့ ပရိသတ်၌ မြတ်စွာဘုရား တရားဟောခြင်းသည်ပင် ထိုမြတ်စွာဘုရား၏ ခြင်္သေ့သံ ဖြစ်၏။

ရဟန်းတို့ မြတ်စွာဘုရားသည် ရဟန်းတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင်ဟောကြား၏၊ မလေးမစား မဟောကြား။

ရဟန်းတို့ မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင်ဟောကြား၏၊ မလေးမစား မဟောကြား။

ရဟန်းတို့ မြတ်စွာဘုရားသည် ဥပါသကာတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင်ဟောကြား၏၊ မလေးမစား မဟောကြား။

ရဟန်းတို့ မြတ်စွာဘုရားသည် ဥပါသိကာမတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင်ဟောကြား၏၊ မလေးမစား မဟောကြား။

ရဟန်းတို့ မြတ်စွာဘုရားသည် အယုတ်သဖြင့် ထမင်းစားကျွန်ခံ မုဆိုးစသော ပုထုဇဉ်တို့ကိုပင့်တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏၊ မလေးမစား မဟောကြား။

ထိုသို့ လေးလေးစားစား ဟောကြားတော်မူခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ မြတ်စွာဘုရားသည် တရားကို လေးစား တရားကို ရိုသေတော်မူသောကြောင့်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။