အင်္ဂုတ္တရနိကာယ်
၁-အာဟုနေယျဝဂ်
၂-ဒုတိယ အာဟုနေယျသုတ်
၂။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေနိုင်၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွားနိုင်၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်းဖြစ်လာနိုင်၏၊ (ကိုယ်) ထင်ရှားဖြစ်စေနိုင်၏၊ (ကိုယ်) ကို ပျောက်ကွယ်စေနိုင်၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ ကဲ့သို့ သွားလာနိုင်၏၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို ရေ၌ ကဲ့သို့ ပြုနိုင်၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ ကဲ့သို့ သွားလာနိုင်၏၊ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွားနိုင်၏၊ ဤသို့ တန်ခိုးကြီးကုန်သော ဤသို့အာနုဘော်ကြီးကုန်သော ဤလနေတို့ကိုလည်း လက်ဖြင့် သုံးသပ် ဆုပ်ကိုင်နိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို စိတ်အလိုအတိုင်း ဖြစ်စေနိုင်၏။ (၁)
အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်နားနှင့် တူသော နား’ဒိဗ္ဗသောတ’ ဖြင့် နတ်၌လည်း ဖြစ်ကုန် လူ၌လည်း ဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန် နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားနိုင်၏။ (၂)
တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိ၏၊ စွဲမက်ခြင်း’ရာဂ’ နှင့်တကွဖြစ်သော စိတ်ကိုလည်း “စွဲမက်ခြင်း ‘ရာဂ’နှင့်တကွဖြစ်သော စိတ်”ဟု သိ၏၊ စွဲမက်ခြင်း ‘ရာဂ’ကင်းသော စိတ်ကိုလည်း “စွဲမက်ခြင်း ‘ရာဂ’ ကင်းသော စိတ်”ဟု သိ၏၊ အမျက် ထွက်ခြင်း ‘ဒေါသ’ နှင့်တကွ ဖြစ်သော စိတ်ကိုလည်း “အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့် တကွဖြစ်သော စိတ်”ဟုသိ၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း “အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသောစိတ်”ဟု သိ၏၊ တွေဝေခြင်း ‘မောဟ’နှင့်တကွဖြစ်သော စိတ်ကိုလည်း “တွေဝေခြင်း ‘မောဟ’နှင့် တကွဖြစ်သော စိတ်”ဟု သိ၏၊ တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ကိုလည်း “တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်”ဟု သိ၏၊ ကျုံ့သောစိတ်ကိုလည်း “ကျုံ့သော စိတ်”ဟု သိ၏၊ ပျံ့လွင့်သော စိတ်ကိုလည်း “ပျံ့လွင့်သော စိတ်”ဟု သိ၏၊ မြတ်သည့် အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ကိုလည်း”မြတ်သည့်အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်”ဟု သိ၏၊ မြတ်သည့် အဖြစ်သို့ မရောက်သောစိတ်ကိုလည်း “မြတ်သည့် အဖြစ်သို့ မရောက်သော စိတ်”ဟု သိ၏၊ သာလွန်သော တရားရှိသော ‘သဥတ္တရ’ စိတ်ကိုလည်း “သာလွန်သော တရားရှိသော ‘သဥတ္တရ’ စိတ်”ဟု သိ၏၊ သာလွန်သော တရားမရှိသော ‘လောကုတ္တရာ’ စိတ်ကိုလည်း “သာလွန်သော တရားမရှိသော ‘လောကုတ္တရာ’ စိတ်”ဟု သိ၏၊ တည်ကြည်သော စိတ်ကိုလည်း “တည်ကြည်သောစိတ်”ဟု သိ၏၊ မတည်ကြည်သော စိတ်ကိုလည်း”မတည်ကြည်သော စိတ်”ဟု သိ၏၊ (ကိလေသာမှ) လွတ်မြောက်သော စိတ်ကိုလည်း “လွတ်မြောက်သော စိတ်”ဟု သိ၏၊ မလွတ်မြောက်သော စိတ်ကိုလည်း “မလွတ်မြောက်သော စိတ်”ဟု သိ၏။ (၃)
များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း —
တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်) နှင့် တကွညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ (၄)
အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ’ဒိဗ္ဗစက္ခု’ ဖြင့် သေဆဲ သတ္တဝါ ဖြစ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။
“အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ တို့နှင့် ပြည့်စုံကုန်၏၊ အရိယာပုဂ္ဂိုလ်တို့ကို စွပ်စွဲတတ်ကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ကုန်၏။
အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’ တို့နှင့် ပြည့်စုံကုန်၏၊ အရိယာပုဂ္ဂိုလ်တို့ကို မစွပ်စွဲတတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရကုန်၏”ဟု သိ၏၊ ဤသို့လျှင် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့်သေဆဲ သတ္တဝါ ဖြစ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါအဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ကုန်သော သတ္တဝါတို့ကို သိ၏။ (၅)
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ (၆)
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။