အင်္ဂုတ္တရနိကာယ်

၂-သာရဏီယဝဂ်

၇-သောပ္ပသုတ်

၁၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထလျက် စည်းဝေးရာ ဇရပ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။

အသျှင်သာရိပုတြာသည်လည်း ညနေချမ်းအခါ၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထလျက်စည်းဝေးရာ ဇရပ်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏။

အသျှင်မဟာမောဂ္ဂလာန်၊ အသျှင်မဟာကဿပ၊ အသျှင်မဟာကစ္စည်း၊ အသျှင်မဟာကောဋ္ဌိက၊ အသျှင်မဟာစုန္ဒ၊ အသျှင်မဟာကပ္ပိန၊ အသျှင်အနုရုဒ္ဓါ၊ အသျှင်ရေဝတ၊ အသျှင်အာနန္ဒာတို့သည်လည်းညနေချမ်းအခါ၌ ကိန်းအောင်းရာမှ ထလျက် စည်းဝေးရာ ဇရပ်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ညဉ့်အချိန်ပတ်လုံး ထိုင်နေခြင်းဖြင့် အချိန်ကုန်လွန်စေ၍နေရာမှထလျက် ကျောင်းတော်သို့ ဝင်တော်မူ၏၊ ထိုအသျှင်တို့သည်လည်း မြတ်စွာဘုရား ကြွသွားတော့်မူ၍ မကြာမြင့်မီပင် နေရာမှ ထလျက် မိမိတို့ နေမြဲကျောင်းသို့ ကြွသွားတော်မူကြကုန်၏။

ထိုစည်းဝေးရာ ဇရပ်၌ ရဟန်းပြု၍ မကြာကြသေးသည့် ဤဓမ္မဝိနယ ‘သာသနာ’ သို့ ရောက်သစ်စသီတင်းငယ်ရဟန်းတို့သည် နေထွက်သည်တိုင်အောင် ကျီးသံဟောက်လျက် အိပ်ကုန်၏။

မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သောနတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့် နေထွက်သည်တိုင်အောင် ကျီးသံဟောက်လျက်အိပ်ကုန်သော ထိုရဟန်းတို့ကို မြင်တော်မူ၍ စည်းဝေးရာ ဇရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင်ခင်းထားသော နေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့ကို မေးမြန်းတော်မူ၏—

ရဟန်းတို့ သာရိပုတြာ အဘယ်မှာနည်း၊ မဟာမောဂ္ဂလာန် အဘယ်မှာနည်း၊ မဟာကဿပအဘယ်မှာနည်း၊ မဟာကစ္စည်း အဘယ်မှာနည်း၊ မဟာကောဋ္ဌိက အဘယ်မှာနည်း၊ မဟာစုန္ဒအဘယ်မှာနည်း၊ မဟာကပ္ပိန အဘယ်မှာနည်း၊ အနုရုဒ္ဓါ အဘယ်မှာနည်း၊ ရေဝတ အဘယ်မှာနည်း၊ အာနန္ဒာ အဘယ်မှာနည်း၊ ရဟန်းတို့ တပည့်ကြီးဖြစ်သည့် ထိုမထေရ်တို့သည် အဘယ်အရပ်သို့သွားကုန်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ထိုအသျှင်တို့သည်လည်း မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမြင့်မီပင် မိမိတို့နေမြဲကျောင်းသို့ ကြွသွားပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သင်တို့သည် “မထေရ်ကြီးရဟန်းတို့ တစ်ဖန် ပြန်ကြွမလာကြတော့ပြီ”ဟု (အောက်မေ့လျက်) အဘယ့်ကြောင့် နေထွက်သည်တိုင်အောင် ကျီးသံဟောက်လျက် အိပ်ကုန်ဘိသနည်း။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။

“အလိုရှိတိုင်း အိပ်မှုချမ်းသာ လျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကို အဖန်ဖန် အားထုတ်နေ လျက်တစ်သက်လုံး မင်းပြုသော ရေမြေကို အစိုးရသော ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်သော မင်းကိုတိုင်းသူပြည်သားအပေါင်းက ချစ်အပ် မြတ်နိုးအပ်၏”ဟု သင်တို့ မြင်ဖူး ကြားဖူးကြကုန် သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မမြင်ဖူး မကြားဖူးကြပါ။

ရဟန်းတို့ ကောင်းပြီ “အလိုရှိတိုင်း အိပ်မှုချမ်းသာ လျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကို အဖန်ဖန်အားထုတ်နေလျက် တစ်သက်လုံး မင်းပြုသော ရေမြေကို အစိုးရသော ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်သော မင်းကို တိုင်းသူပြည်သားအပေါင်းက ချစ်အပ် မြတ်နိုးအပ်၏”ဟု ငါလည်းမမြင်ဖူး မကြားဖူးချေ။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။

“နယ်စားကို။ပ။ အဖအမွေခံ မြို့စားကို။ စစ်သူကြီးကို။ ရွာသူကြီးကို။ အလိုရှိတိုင်း အိပ်မှုချမ်းသာလျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကို အဖန်ဖန် အားထုတ်နေလျက် တစ်သက်လုံး အသင်းလူကြီးပြုလုပ်နေသော အသင်းလူကြီးကို အသင်းသားအပေါင်းက ချစ်အပ် မြတ်နိုးအပ်၏”ဟု သင်တို့ မြင်ဖူးကြားဖူးကြကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မမြင်ဖူး မကြားဖူးကြပါ။

ရဟန်းတို့ ကောင်းပြီ “အလိုရှိတိုင်း အိပ်မှုချမ်းသာ လျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကို အဖန်ဖန်အားထုတ်နေလျက် တစ်သက်လုံး အသင်းလူကြီး ပြုလုပ်နေသည့် အသင်းလူကြီးကို အသင်းသားအပေါင်းက ချစ်အပ် မြတ်နိုးအပ်၏”ဟု ငါလည်း မမြင်ဖူး မကြားဖူးချေ။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။

“အလိုရှိတိုင်း အိပ်မှုချမ်းသာ လျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကို အဖန်ဖန် အားထုတ်နေ လျက်ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားမူ၍ စားဖွယ်၌ အတိုင်းအရှည်ကို မသိဘဲ နိုးကြားမှု၌ အားမထုတ့်ကုသိုလ် တရားတို့ကို မရှု၊ ညဉ့်၏ ရှေ့အဖို့ နောက်အဖို့၌ အရိယာမဂ်၏ အသင်းအပင်းဖြစ်ကုန်သောဗောဓိပက္ခိယတရားတို့ကို ပွါးများမှု၌ အားမထုတ်သော သမဏကိုဖြစ်စေ ဗြာဟ္မဏကိုဖြစ်စေ အာသဝေါတရားတို့၏ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော’အရဟတ္တဖိုလ်’ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက်ရောက်၍ နေ၏”ဟု သင်တို့ မြင်ဖူး ကြားဖူးကုန်သလောဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မမြင်ဘူး မကြားဘူးကြပါ။

ရဟန်းတို့ ကောင်းပြီ “အလိုရှိတိုင်း အိပ်မှုချမ်းသာ လျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကို အဖန်ဖန်အားထုတ်နေလျက် ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားမူ၍ စားဖွယ်၌ အတိုင်းအရှည်ကို မသိဘဲ နိုးကြားမှု၌ အားမထုတ် ကုသိုလ်တရားတို့ကို မရှု၊ ညဉ့်၏ ရှေ့အဖို့နောက်အဖို့၌ အရိယာမဂ်၏အသင်းအပင်းဖြစ်ကုန်သော ဗောဓိပက္ခိယတရားတို့ကို ပွါးများမှု၌ အားမထုတ်သော သမဏကိုဖြစ်စေဗြာဟ္မဏကိုဖြစ်စေ အာသဝေါတရားတို့၏ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏”ဟု ငါလည်း မမြင်ဘူး မကြားဘူးချေ။

ရဟန်းတို့ ထို့ကြောင့် ဤသို့ ကျင့်ရမည် “ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိသူ၊ စားဖွယ်၌ အတိုင်းအရှည်ကို သိသူ၊ နိုးကြားမှု၌ အားထုတ်သူတို့ ဖြစ်ကြကုန်အံ့၊ ကုသိုလ်တရားတို့ကို ရှုကုန်သည်ဖြစ်၍ ညဉ့်၏ ရှေ့အဖို့နောက်အဖို့၌ အရိယာမဂ်၏ အသင်းအပင်းဖြစ်ကုန်သော ဗောဓိပက္ခိယတရားတို့ကိုပွါးများမှု၌ အားထုတ်လျက် နေကြကုန်အံ့”ဟု (ကျင့်ရမည်)။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။