အင်္ဂုတ္တရနိကာယ်
၂-သာရဏီယဝဂ်
၈-မစ္ဆဗန္ဓသုတ်
၁၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူ၏၊ မြတ်စွာဘုရားသည် ခရီးရှည်ကြွတော်မူသည်ရှိသော် တစ်ခုသော အရပ်၌ ငါးတို့ကို သတ်၍ သတ်၍ ရောင်းချသော ငါးသတ်တံငါသည်ကို မြင်တော်မူ၍ ခရီးလမ်းမှဖဲတော်မူပြီးလျှင် သစ်ပင်ရင်းတစ်ခုဝယ် ခင်းထားသော နေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့ကိုမေးတော်မူ၏—
“ရဟန်းတို့ ငါးတို့ကို သတ်၍ သတ်၍ ရောင်းချသော ဤငါးသတ် တံငါသည်ကို သင်တို့ မြင်ကြကုန်၏လော”ဟု (မေးတော်မူ၏)။
အသျှင်ဘုရား မြင်ပါ၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း “ငါးတို့ကို သတ်၍ သတ်၍ ရောင်းချသော ငါးသတ်တံငါသည်သည် ထိုအလုပ် ထိုအသက်မွေးမှုဖြင့် ဆင်စီးရသူ မြင်းစီးရသူ ရထားစီးရသူယာဉ်စီးရသူ စည်းစိမ်ခံစားရသူ များစွာသော စည်းစိမ်အစုကို အုပ်စိုး၍ နေရသူဖြစ်၏”ဟု သင်တို့မြင်ဖူး ကြားဖူးကြကုန်၏လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား မမြင်ဖူး မကြားဖူးကြပါ။
ရဟန်းတို့ ကောင်းပြီ “ငါးတို့ကို သတ်၍ သတ်၍ ရောင်းချသော ငါးသတ်တံငါသည်သည် ထိုအလုပ်ထိုအသက်မွေးမှုဖြင့် ဆင်စီးရသူ မြင်းစီးရသူ ရထားစီးရသူ ယာဉ်စီးရသူ စည်းစိမ်ခံစားရသူ များစွာသောစည်းစိမ်အစုကို အုပ်စိုး၍ နေရသူဖြစ်၏”ဟု ငါလည်း မမြင်ဖူး မကြားဖူးချေ။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ—
ရဟန်းတို့ ထိုတံငါသည်သည် သတ်ရန် ဆောင်ယူလာကုန်သော ထိုသတ်မည့် ငါးတို့ကို ယုတ်ညံ့ သောစိတ်ဖြင့် အဖန်ဖန်ကြည့်၏၊ ထို့ကြောင့် ထိုတံငါသည်သည် ဆင်မစီးရသူ မြင်းမစီးရသူ ရထား မစီးရသူယာဉ်မစီးရသူ စည်းစိမ်မခံစားရသူ များစွာသော စည်းစိမ်အစုကို အုပ်စိုး၍ မနေရသူ ဖြစ်၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။
“နွားတို့ကို သတ်၍ သတ်၍ ရောင်းချသော နွားသတ်သမားသည် ထိုအလုပ်ဖြင့် ထိုအသက်မွေးမှုဖြင့်ဆင်စီးရသူ မြင်းစီးရသူ ရထားစီးရသူ ယာဉ်စီးရသူ စည်းစိမ်ခံစားရသူ များစွာသော စည်းစိမ်အစုကိုအုပ်စိုး၍ နေရသူ ဖြစ်၏”ဟု သင်တို့ မြင်ဖူး ကြားဖူးကြကုန်၏လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား မမြင်ဖူး မကြားဖူးကြပါ။
ရဟန်းတို့ ကောင်းပြီ “နွားတို့ကို သတ်၍ သတ်၍ ရောင်းချသော နွားသတ်သမားသည် ထိုအလုပ် ဖြင့်ထိုအသက်မွေးမှုဖြင့် ဆင်စီးရသူ မြင်းစီးရသူ ရထားစီးရသူ ယာဉ်စီးရသူ စည်းစိမ်ခံစားရသူ များစွာသောစည်းစိမ်အစုကို အုပ်စိုး၍ နေရသူဖြစ်၏”ဟု ငါလည်း မမြင်ဖူး မကြားဖူးချေ။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ—
ရဟန်းတို့ ထိုနွားသတ်သမားသည် သတ်ရန် ဆောင်ယူလာကုန်သော ထိုသတ်မည့် နွားတို့ကိုယုတ်ညံ့သော စိတ်ဖြင့် အဖန်ဖန်ကြည့်၏၊ ထို့ကြောင့် ထိုနွားသတ်သမားသည် ဆင်မစီးရသူ မြင်းမစီးရသူရထားမစီးရသူ ယာဉ်မစီးရသူ စည်းစိမ်မခံစားရသူ များစွာသော စည်းစိမ်အစုကို အုပ်စိုး၍ မနေရသူဖြစ်၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။
“ဆိတ်သတ်သမားသည်။ပ။ ဝက်သတ်သမားသည်။ပ။ ငှက်သတ်သမားသည်။ပ။ သားကောင်တို့ကိုသတ်၍ သတ်၍ ရောင်းချသော သားသတ်သမားသည် ထိုအလုပ် ထိုအသက်မွေးမှုဖြင့် ဆင်စီးရသူမြင်းစီးရသူ ရထားစီးရသူ ယာဉ်စီးရသူ စည်းစိမ်ခံစားရသူ စည်းစိမ်အစုကို အုပ်စိုး၍ နေရသူဖြစ်၏”ဟူ၍ မြင်ဖူး ကြားဖူးကြကုန်၏လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား မမြင်ဖူး မကြားဖူးကြပါ။
ရဟန်းတို့ ကောင်းပြီ “သားကောင်တို့ကို သတ်၍ သတ်၍ ရောင်းချသော သားသတ်သမားသည်ထိုအလုပ် ထိုအသက်မွေးမှုဖြင့် ဆင်စီးရသူ မြင်းစီးရသူ ရထားစီးရသူ ယာဉ်စီးရသူ စည်းစိမ်ခံစားရသူများစွာသော စည်းစိမ်အစုကို အုပ်စိုး၍ နေရသူဖြစ်၏”ဟု ငါလည်း မမြင်ဖူး မကြားဖူးချေ။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ—
ရဟန်းတို့ ထိုသားသတ်သမားသည် သတ်ရန် ဆောင်ယူလာကုန်သော ထိုသတ်မည့် သားကောင် တို့ကိုယုတ်ညံ့သော စိတ်ဖြင့် အဖန်ဖန်ကြည့်၏၊ ထို့ကြောင့် ထိုသားသတ်သမားသည် ဆင်မစီးရသူမြင်းမစီးရသူ ရထားမစီးရသူ ယာဉ်မစီးရသူ စည်းစိမ်မခံစားရသူ များစွာသော စည်းစိမ်အစုကို အုပ်စိုး၍မနေရသူ ဖြစ်၏။
ရဟန်းတို့ ထိုသားသတ်သမားသည် သတ်ရန် ဆောင်ယူလာကုန်သော ထိုသတ်မည့် တိရစ္ဆာန်သတ္တဝါတို့ကိုသော်မှလည်း ယုတ်ညံ့သော စိတ်ဖြင့် အဖန်ဖန် ကြည့်သောကြောင့် ဆင်မစီးရသူ မြင်းမစီးရသူ ရထားမစီးရသူ ယာဉ်မစီးရသူ စည်းစိမ်မခံစားရသူ များစွာသော စည်းစိမ်အစုကို အုပ်စိုး၍မနေရသူ ဖြစ်ဘိသေး၏။
သတ်ရန် ဆောင်ယူလာသော အသတ်ခံရမည့် လူဖြစ်သော သူကို ယုတ်ညံ့သော စိတ်ဖြင့် ကြည့်ရှုသူအား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ရဟန်းတို့ ထိုစကားသည် မှန်၏၊ ထိုလူဖြစ်သော သူကို သတ်ရန် မကောင်းသော စိတ်ဖြင့်ကြည့်ရှုခြင်းသည် ထိုကြည့်သူအား ရှည်ကြာလေးမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ့်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရာ ဖြစ်သောငရဲ၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။