အင်္ဂုတ္တရနိကာယ်
၁-အာဟုနေယျဝဂ်
၃-ဣန္ဒြိယသုတ်
၃။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
သဒ္ဓိန္ဒြေနှင့်၊ ဝီရိယိန္ဒြေနှင့်၊ သတိန္ဒြေနှင့်၊ သမာဓိန္ဒြေနှင့်၊ ပညိန္ဒြေနှင့် ပြည့်စုံ၏။
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍ သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏။ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။