အင်္ဂုတ္တရနိကာယ်

၅-ဓမ္မိကဝဂ်

၄-မဟာစုန္ဒသုတ်

၄၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ အသျှင်မဟာစုန္ဒသည်စေတိယတိုင်း သယံဇာတိနိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် အသျှင်မဟာစုန္ဒအား ပြန်ကြားလျှောက်ထားကုန်၏၊ အသျှင်မဟာစုန္ဒမထေရ်သည် ဤစကားကို မိန့်ဆိုတော်မူ၏ —

ငါ့သျှင်တို့ ဤသာသနာတော်၌ တရားဟောကြကုန်သော ရဟန်းတို့သည် ဈာန်ဝင်စားသောရဟန်းတို့ကို ပုတ်ခတ်ပြောဆိုကုန်၏ —

“ဤရဟန်းတို့သည် ‘ငါတို့ ဈာန်ဝင်စားကုန်၏၊ ငါတို့ ဈာန်ဝင်စားကုန်၏’ဟု ရှုကုန်၏၊ အဖန်ဖန်ရှုကုန်၏၊ တစိမ့်စိမ့် ရှုကုန်၏၊ ကပ်၍ ရှုကုန်၏၊ ဤသူတို့သည် အဘယ်ကို ရှုကုန်သနည်း၊ ဤသူတို့သည် အဘယ်အကျိုးငှါ ရှုကုန်သနည်း၊ ဤသူတို့သည် အဘယ်အကြောင်းကြောင့် ရှုကုန်သနည်း”ဟု (ပုတ်ခတ် ပြောဆိုကုန်၏)။

ထိုသို့ ပုတ်ခတ် ပြောဆိုရာ၌ တရားဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါးအလို့ငှါ ချမ်းသာရန်အလို့ငှါ များစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွားချမ်းသာအလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ဤသာသနာတော်၌ ဈာန်ဝင်စားသော ရဟန်းတို့သည် တရားဟောကုန်သော ရဟန်း တို့ကိုပုတ်ခတ် ပြောဆိုကြကုန်၏ —

“ဤရဟန်းတို့သည် ‘ငါတို့ တရားဟောကုန်၏၊ ငါတို့ တရားဟောကုန်၏’ဟု ပျံ့လွင့်သော စိတ်ရှိကုန်၏၊ (ကျူပင်ကဲ့သို့ အထက်သို့) တက်သော မာန်မာန ရှိကုန်၏၊ လျှပ်ပေါ်ကုန်၏၊ နှုတ်ကြမ်းကုန်၏၊ ဖရိုဖရဲကြဲသော စကားရှိကုန်၏၊ သတိ လွတ်ကင်းကုန်၏၊ ပညာအဆင်ခြင် မရှိကုန်၊ မတည်ကြည်ကုန်၊ တုန်လှုပ်သော စိတ်ရှိကုန်၏၊ ဟင်းလင်းပွင့်သော ဣန္ဒြေရှိကုန်၏၊ ဤသူတို့သည် အဘယ်သို့ တရားဟောကုန်သနည်း၊ ဤသူတို့သည် အဘယ် အကျိုးငှါ တရားဟောကုန်သနည်း၊ ဤသူတို့သည် အဘယ်အကြောင်းကြောင့် တရားဟောကုန်သနည်း”ဟု (ပုတ်ခတ်ပြောဆိုကြကုန်၏)။

ထိုသို့ ပုတ်ခတ်ပြောဆိုရာ၌ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ တရားဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါးအလို့ငှါ ချမ်းသာရန်အလို့ငှါ များစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွါးချမ်းသာအလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ဤသာသနာတော်၌ တရားဟောကုန်သော ရဟန်းတို့သည် တရားဟောကုန်သောရဟန်းတို့၏သာလျှင် ဂုဏ်ကို ပြောဆိုကြကုန်၏၊ ဈာန်ဝင်စားသူ ရဟန်းတို့၏ ဂုဏ်ကို မပြောဆိုကြကုန်။

ထိုသို့ ပြောဆိုရာ၌ တရားဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ ဈာန်ဝင်စားသောရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါးအလို့ငှါ ချမ်းသာရန်အလို့ငှါများစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွါးချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ဤသာသနာတော်၌ ဈာန်ဝင်စားသော ရဟန်းတို့သည် ဈာန်ဝင်စားသော ရဟန်းတို့၏သာလျှင် ဂုဏ်ကို ပြောဆိုကုန်၏၊ တရားဟောကုန်သော ရဟန်းတို့၏ ဂုဏ်ကို မပြောဆိုကုန်။

ထိုသို့ ပြောဆိုရာ၌ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ တရားဟောကုန်သောရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါးအလို့ငှါ ချမ်းသာရန် အလို့ငှါများစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွါးချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ထို့ကြောင့် ဤသို့ကျင့်ရမည် “တရားဟောကုန်သော ရဟန်းတို့ ဖြစ်ပါကုန်သော်ဈာန်ဝင်စားသော ရဟန်းတို့၏ ဂုဏ်ကို ပြောဆိုကုန်အံ့”ဟု ကျင့်ရမည်၊ ငါ့သျှင်တို့ ဤသို့လျှင် သင်တို့ကျင့်ရမည်။

ထိုသို့ ကျင့်ရခြင်းသည် အဘယ့်ကြောင့်နည်း။

သေခြင်းမရှိသော နိဗ္ဗာနဓာတ်ကို နာမကာယဖြင့် တွေ့ထိ၍ နေကြသည့် ပုဂ္ဂိုလ်တို့သည် အံ့ဖွယ်ရှိကုန်၍ လောက၌ ရခဲကုန်သောကြောင့်တည်း။

ငါ့သျှင်တို့ ထို့ကြောင့် ဤသို့ ကျင့်ရမည် “ဈာန်ဝင်စားသော ရဟန်းတို့ဖြစ်ပါကုန်သော် တရားဟောကုန်သော ရဟန်းတို့၏ ဂုဏ်ကို ပြောဆိုကြကုန်အံ့”ဟု ကျင့်ရမည်။

ငါ့သျှင်တို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်။

ထိုသို့ ကျင့်ရခြင်းသည် အဘယ့်ကြောင့်နည်း။

နက်နဲသော အနက် (ခန္ဓာ,အာယတန,ဓာတ်) အစုကို ပညာဖြင့် ထိုးထွင်း၍ သိမြင်ကြသည့် ပုဂ္ဂိုလ်တို့သည် အံ့ဖွယ်ရှိကုန်၍ လောက၌ ရခဲကုန်သောကြောင့်တည်းဟု (ဆိုတော်မူ၏)။

စတုတ္ထသုတ်။