အင်္ဂုတ္တရနိကာယ်
၁-ဓနဝဂ်
၉-ပဟာနသုတ်
၉။ ရဟန်းတို့ နှောင်ကြိုး ‘သံယောဇဉ်’ ခုနစ်မျိုးတို့ကို ပယ်ရန် ဖြတ်တောက်ရန် မြတ်သော အကျင့်ကိုကျင့်သုံး၏။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
အနုနယသံယောဇဉ်ကို ပယ်ရန် ဖြတ်တောက်ရန် မြတ်သော အကျင့်ကို ကျင့်သုံး၏။
ပဋိဃသံယောဇဉ်ကို။ပ။ ဒိဋ္ဌိသံယောဇဉ်ကို။ပ။ ဝိစိကိစ္ဆာသံယောဇဉ်ကို။ပ။ မာနသံယောဇဉ်ကို။ပ။ ဘဝရာဂသံယောဇဉ်ကို။ပ။ အဝိဇ္ဇာသံယောဇဉ်ကို ပယ်ရန် ဖြတ်တောက်ရန် မြတ်သော အကျင့်ကို ကျင့်သုံး၏။
ရဟန်းတို့ ဤနှောင်ကြိုး ‘သံယောဇဉ်’ ခုနစ်မျိုးတို့ကို ပယ်ရန် ဖြတ်တောက်ရန် မြတ်သော အကျင့် ကိုကျင့်သုံး၏။
ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် အနုနယသံယောဇဉ်ကို ပယ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ဖြတ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြု၏၊ (အသစ်) မဖြစ်ခြင်းကို ပြု၏၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိ။
ပဋိဃသံယောဇဉ်ကို။ပ။ ဒိဋ္ဌိသံယောဇဉ်ကို။ပ။ ဝိစိကိစ္ဆာသံယောဇဉ်ကို။ပ။ မာနသံယောဇဉ်ကို။ပ။ ဘဝရာဂသံယောဇဉ်ကို။ပ။ အဝိဇ္ဇာသံယောဇဉ်ကို ပယ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်၏၊ နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြု၏၊ အသစ်မဖြစ်ခြင်းကို ပြု၏၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိ။
ရဟန်းတို့ ထိုအခါ ဤရဟန်းကို တဏှာကို ဖြတ်ပြီးသူ၊ သံယောဇဉ်ကို ဖြေပြီးသူ၊ ကောင်းစွာ မာနကိုနုတ်ပယ်သောကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသူဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။