အင်္ဂုတ္တရနိကာယ်
၁-မေတ္တာဝဂ်
၂-ပညာသုတ်
၂။ ရဟန်းတို့ ဤအကြောင်းရှစ်မျိုး အထောက်အပံ့ရှစ်မျိုးတို့သည် မြတ်သော အကျင့်၏ အစဦး ဖြစ်သည့် ပညာကို မရသေးသော် ရရန် ရပြီးသော် လွန်စွာတိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန် ဖြစ်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ ရဟန်းသည် ဤသာသနာတော်၌ ဆရာကိုဖြစ်စေ အလေး အမြတ်ပြုထိုက်သော သီတင်းသုံးဖော် တစ်ဦးဦးကိုဖြစ်စေ အမှီပြု၍ နေထိုင်၏၊ ထိုရဟန်းအား ယင်းသည့် အမှီပြုရာ ဆရာ, သီတင်းသုံးဖော်တို့၌ အားကြီးစွာသော ရှက်ကြောက်မှုသည် လည်းကောင်း၊ ချစ်မြတ်နိုးမှုသည်လည်းကောင်း၊ ရိုသေလေးစားမှုသည်လည်းကောင်း ရှေးရှုတည်၏။ ရဟန်းတို့ ဤအကြောင်း အထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော် ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန်ဖြစ်သော ပဌမအကြောင်း အထောက်အပံ့တည်း။
ထိုရဟန်းသည် ထိုဆရာကိုဖြစ်စေ အလေးအမြတ်ပြုထိုက်သော သီတင်းသုံးဖော် တစ်ဦးဦးကိုဖြစ်စေ အမှီပြု၍ နေထိုင်စဉ် ထိုရဟန်းအား အကြင်ဆရာ, သီတင်းသုံးဖော်တို့၌ အားကြီးစွာသော ရှက်ကြောက်မှုသည်လည်းကောင်း၊ ချစ်မြတ်နိုးမှုသည်လည်းကောင်း၊ ရိုသေလေးစားမှုသည်လည်းကောင်း ရှေးရှုတည်၏၊ ထိုဆရာ သီတင်းသုံးဖော်တို့သို့ ရံဖန်ရံခါ ချဉ်းကပ်၍ “အသျှင်ဘုရား ဤပါဠိကား အဘယ်သို့ သဘော ရှိပါသနည်း၊ ဤပါဠိ၏ အနက်ကား အဘယ်ပါနည်း”ဟု မေးမြန်း၏၊ ပြဿနာပြု၏၊ ထိုရဟန်းအား ထိုအသျှင်တို့သည် မဖွင့်ပြအပ်သေးသော အရာကိုလည်း ဖွင့်ပြကုန်၏၊ ပေါ်လွင်ထင်ရှားစွာ မပြုအပ်သေးသော အရာကိုလည်း ပေါ်လွင်ထင်ရှားအောင် ပြုပေးကုန်၏၊ များစွာကုန်သော ယုံမှားအပ်သော တရားတို့၌ ယုံမှားမှုကိုလည်း ပယ်ဖျောက်ပေးကုန်၏။ ရဟန်းတို့ ဤအကြောင်းအထောက်အပံ့သည် မြတ်သောအကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင် ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန်ဖြစ်သော ဒုတိယ အကြောင်းအထောက်အပံ့တည်း။
ထိုရဟန်းသည် ထိုတရားတော်ကို ကြားနာရ၍ ကိုယ်ဖြင့် (အပေါင်းအဖေါ်မှ) ကင်းဝေးမှု စိတ်ဖြင့် (ကိလေသာမှ) ကင်းဝေးမှုဟူသော နှစ်ပါးစုံသော ကင်းဝေးမှုနှင့် ပြည့်စုံစေ၏။ ရဟန်းတို့ ဤအကြောင်း အထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန်ဖြစ်သော တတိယ အကြောင်းအထောက်အပံ့တည်း။
သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်၍ နေထိုင်၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှလောက်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ သိက္ခာပုဒ်တို့၌ ဆောက်တည်လျက် ကျင့်သုံး၏။ ရဟန်းတို့ ဤအကြောင်း အထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင့်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန်ဖြစ်သော စတုတ္ထ အကြောင်းအထောက်အပံ့တည်း။
အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိ၍ အနက်, သဒ္ဒါနှင့် တကွဖြစ်သည့်ပြင် ထက်ဝန်းကျင် ပြည့်စုံလျက် ဖြူစင်သော မြတ်သော အကျင့်ကို ဟောဖေါ်ပြတတ်ကုန်သော တရားတို့ကို များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။ ရဟန်းတို့ ဤအကြောင်းအထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦး ဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာတိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန်ဖြစ်သော ပဉ္စမ အကြောင်းအထောက်အပံ့တည်း။
အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိလျက် နေ၏၊ အားအစွမ်းရှိ၏၊ ခိုင်မြဲသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ။ ရဟန်းတို့ ဤအကြောင်းအထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန်ဖြစ်သော ဆဋ္ဌမ အကြောင်းအထောက်အပံ့တည်း။
သံဃာ့ဘောင်သို့ ရောက်သည်ရှိသော် အထူးထူးသော စကားကို ပြောဆိုမှု မရှိ၊ မဂ်ဖိုလ်မှ ဖီလာ ဖြစ်သော စကားကို ပြောဆိုမှု မရှိ၊ ကိုယ်တိုင်လည်း တရားဟောပြော၏၊ သူတစ်ပါးကိုလည်း တရား ဟောပြောရန် တောင်းပန် တိုက်တွန်း၏၊ မြတ်သော ဆိတ်ဆိတ်နေမှုကိုလည်း မထီမဲ့မြင် မပြု။ ရဟန်းတို့ ဤအကြောင်းအထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန် ဖြစ်သော သတ္တမ အကြောင်းအထောက်အပံ့တည်း။
“ဤကား ရုပ်၊ ဤကား ရုပ်၏ ဖြစ်ကြောင်း၊ ဤကား ရုပ်၏ ချုပ်ပျောက်မှုတည်း။ ဤကား ဝေဒနာ၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်း၊ ဤကား ဝေဒနာ၏ ချုပ်ပျောက်မှုတည်း။ ဤကား သညာ၊ ဤကား သညာ၏ ဖြစ်ကြောင်း၊ ဤကား သညာ၏ ချုပ်ပျောက်မှုတည်း။ ဤကား သင်္ခါရ၊ ဤကား သင်္ခါရ၏ ဖြစ်ကြောင်း၊ ဤကား သင်္ခါရ၏ ချုပ်ပျောက်မှုတည်း။ ဤကား ဝိညာဏ်၊ ဤကား ဝိညာဏ်၏ ဖြစ်ကြောင်း၊ ဤကား ဝိညာဏ်၏ ချုပ်ပျောက်မှုတည်း”ဟု ဥပါဒါနက္ခန္ဓာငါးပါးတို့၌ ဖြစ်မှု ပျက်မှုကို အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ဤအကြောင်းအထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန် ဖြစ်သော အဋ္ဌမ အကြောင်းအထောက်အပံ့တည်း။
ထိုရဟန်းကို သီတင်းသုံးဖော်တို့က ဤသို့ ချီးကျူးကုန်၏၊ “ဤအသျှင်သည် ဆရာကိုဖြစ်စေ အလေးအမြတ်ပြုထိုက်သော သီတင်းသုံးဖော် တစ်ဦးဦးကိုဖြစ်စေ အမှီပြု၍ နေထိုင်၏၊ ထိုအသျှင်အား ယင်းသည့် အမှီပြုရာ ဆရာ, သီတင်းသုံးဖော်တို့၌ အားကြီးစွာသော ရှက်ကြောက်မှုသည်လည်းကောင်း၊ ချစ်မြတ်နိုးမှုသည်လည်းကောင်း၊ ရိုသေလေးစားမှုသည်လည်းကောင်း ရှေးရှုတည်၏၊ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏”ဟု (ချီးကျူးကုန်၏)။
ဤချီးကျူးခြင်း သဘောတရားသည်လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကို ပွါးစေရန် ရဟန်း တရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၁)
ထိုအသျှင်သည် ဆရာကိုဖြစ်စေ အလေးအမြတ်ပြုထိုက်သော သီတင်းသုံးဖော် တစ်ဦးဦးကိုဖြစ်စေ အမှီပြု၍ နေထိုင်စဉ် ထိုအသျှင်အား အကြင်ဆရာ, သီတင်းသုံးဖော်တို့၌ အားကြီးစွာသော ရှက်ကြောက်မှုသည်လည်းကောင်း၊ ချစ်မြတ်နိုးမှုသည်လည်းကောင်း၊ ရိုသေလေးစားမှုသည်လည်းကောင်း ရှေးရှုတည်၏၊ ထိုဆရာ, သီတင်းသုံးဖော်တို့သို့ ရံဖန်ရံခါ ချဉ်းကပ်၍ “အသျှင်ဘုရား ဤပါဠိကား အဘယ်သို့ သဘော ရှိပါသနည်း၊ ဤပါဠိ၏ အနက်ကား အဘယ်ပါနည်း”ဟု မေးမြန်း၏၊ ပြဿနာပြု၏၊ ထိုရဟန်းအား ထိုအသျှင်တို့သည် မဖွင့်ပြအပ်သေးသော အရာကိုလည်း ဖွင့်ပြကုန်၏၊ ပေါ်လွင်ထင်ရှားစွာ မပြုအပ် သေးသော အရာကိုလည်း ပေါ်လွင်ထင်ရှားအောင် ပြုပေးကုန်၏၊ များစွာကုန်သော ယုံမှားအပ်သော တရားတို့၌ ယုံမှားမှုကိုလည်း ပယ်ဖျောက်ပေးကုန်၏၊ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရား ကို သိ၍ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘောတရားသည်လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကို ပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏၊ (၂)
ထိုအသျှင်သည် ထိုတရားတော်ကို ကြားနာရ၍ ကိုယ်ဖြင့် (အပေါင်းအဖော်မှ) ကင်းဝေးမှု စိတ်ဖြင့် (ကိလေသာမှ) ကင်းဝေးမှုဟူသော နှစ်ပါးစုံသော ကင်းဝေးမှုနှင့် ပြည့်စုံစေ၏၊ မချွတ်ဧကန် ဤအသျှင် သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘော တရားသည်လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကိုပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၃)
ဤအသျှင်သည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်၍ နေထိုင်၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှလောက်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ ရှိသည် ဖြစ်၍ သိက္ခာပုဒ်တို့၌ ဆောက်တည်လျက် ကျင့်သုံး၏၊ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘောတရားသည် လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကိုပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၄)
ဤအသျှင်သည် အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက်, သဒ္ဒါနှင့် တကွဖြစ်သည့်ပြင် ထက်ဝန်းကျင် ပြည့်စုံလျက် ဖြူစင်သော မြတ်သောအကျင့်ကို ပြတတ်ကုန်သော တရားတို့ကို များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘောတရားသည်လည်း ချစ်မြတ်နိုးရန် လေးစား ရန် နှလုံးကိုပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၅)
ဤအသျှင်သည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိလျက် နေ၏၊ အားအစွမ်းရှိ၏၊ ခိုင်မြဲသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘောတရားသည်လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကိုပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၆)
ဤအသျှင်သည် သံဃာ့ဘောင်သို့ ရောက်သည် ရှိသော် အထူးထူးသော စကားကို ပြောဆိုမှု မရှိ၊ မဂ်ဖိုလ်မှ ဖီလာဖြစ်သော စကားကို ပြောဆိုမှု မရှိ၊ ကိုယ်တိုင်လည်း တရားဟောပြော၏၊ သူတစ်ပါးကို လည်း တရားဟောပြောရန် တောင်းပန် တိုက်တွန်း၏၊ မြတ်သော ဆိတ်ဆိတ်နေမှုကိုလည်း မထီမဲ့မြင် မပြု။ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘောတရားသည်လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကိုပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၇)
ဤအသျှင်သည် “ဤကား ရုပ်၊ ဤကား ရုပ်၏ ဖြစ်ကြောင်း၊ ဤကား ရုပ်၏ ချုပ်ပျောက်မှုတည်း။ ဤကား ဝေဒနာ၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်း၊ ဤကား ဝေဒနာ၏ ချုပ်ပျောက်မှုတည်း။ ဤကား သညာ၊ ဤကား သညာ၏ ဖြစ်ကြောင်း၊ ဤကား သညာ၏ ချုပ်ပျောက်မှုတည်း။ ဤကား သင်္ခါရ၊ ဤကား သင်္ခါရ၏ ဖြစ်ကြောင်း၊ ဤကား သင်္ခါရ၏ ချုပ်ပျောက်မှုတည်း။ ဤကား ဝိညာဏ်၊ ဤကား ဝိညာဏ်၏ ဖြစ်ကြောင်း၊ ဤကား ဝိညာဏ်၏ ချုပ်ပျောက်မှုတည်း”ဟု ဥပါဒါနက္ခန္ဓာငါးပါးတို့၌ ဖြစ်မှု ပျက်မှုကို အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍ နေထိုင်၏။ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘောတရားသည် လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကိုပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၈)
ရဟန်းတို့ ဤအကြောင်းရှစ်မျိုး အထောက်အပံ့ရှစ်မျိုးတို့သည် မြတ်သော အကျင့်၏ အစဦး ဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာတိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။