အင်္ဂုတ္တရနိကာယ်

၃-ဂဟပတိဝဂ်

၂-ဒုတိယ ဥဂ္ဂသုတ်

၂၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဟတ္ထိရွာ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောရှစ်မျိုးတို့နှင့်် ပြည့်စုံ၏ဟု မှတ်ကုန်လော့”ဟူ၍ မိန့်တော်မူ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၍ နေရာမှ ထပြီးလျှင် ကျောင်းသို့ ဝင်တော်မူ၏။ ထိုအခါ ရဟန်းတစ်ပါးသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်၏ အိမ်သို့ ချဉ်းကပ်ပြီးသော် ခင်းထားသောနေရာ၌ ထိုင်နေ၏၊ ထိုအခါ ထိုဟတ္ထိရွာသား ဥဂ္ဂသူကြွယ်သည် ထိုရဟန်းကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ ထိုရဟန်းသည် တစ်ခုသောနေရာ၌ ထိုင်နေသော ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်အား — “သူကြွယ် သင်သည် အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့နှင့်် ပြည့်စုံ၏ဟူ၍ မြတ်စွာဘုရား မိန့်ကြားတော်မူ၏၊ သူကြွယ် သင့်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့နှင့်် ပြည့်စုံ၏”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည့် သဘော ရှစ်မျိုးတို့ကား အဘယ်တို့နည်းဟု မေး၏။ အသျှင်ဘုရား “အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အဘယ်သဘောရှစ်မျိုးတို့နှင့်် ပြည့်စုံ၏ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကိုမူ” အကျွန်ုပ် မသိပါ၊ အသျှင်ဘုရား စင်စစ်သော်ကား အကျွန်ုပ် အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အကြင်သဘောရှစ်မျိုးတို့သည် ရှိပါကုန်၏၊ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ထိုသဘောရှစ်မျိုးတို့ကို နာတော်မူလော့၊ ကောင်းစွာ နှလုံးသွင်းတော်မူလော့၊ လျှောက်ပါအံ့ဟု (ဆို၏)။

“ကောင်းပြီ သူကြွယ်”ဟူ၍ ထိုရဟန်းသည် ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်အား ဝန်ခံ၏၊ ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်သည် ဤစကားကို လျှောက်၏ — “အသျှင်ဘုရား အကျွန်ုပ်သည် ကံ့ကော်တော၌ လှည့်လည် ပျော်ပါးနေစဉ် မြတ်စွာဘုရားကို ရှေးဦးစွာ အဝေးမှ မြင်ရ၏၊ အသျှင်ဘုရား မြင်သည်နှင့် တစ်ပြိုင်နက် သာလျှင် အကျွန်ုပ်၏စိတ်သည် မြတ်စွာဘုရားအား ကြည်ညိုပါ၏၊ သေအရက်မူးယစ်ခြင်းသည်လည်း ပြေပျောက်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤပဌမသဘောသည် ရှိပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ဆည်းကပ် ပါ၏၊ ထိုအကျွန်ုပ်အား မြတ်စွာဘုရားသည် အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ သီလနှင့်စပ်သော စကားကိုလည်းကောင်း၊ နတ်ပြည်နှင့် စပ်သော စကားကိုလည်းကောင်း၊ ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ် ညံ့ခြင်းကိုလည်းကောင်း၊ ညစ်ညူးခြင်းကိုလည်းကောင်း၊ (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကို လည်းကောင်း ပြတော်မူ၏၊ မြတ်စွာဘုရားသည် တပည့်တော်ကို သင့်လျော်သောစိတ် နူးညံ့သောစိတ် အပိတ်အပင် ‘နီဝရဏ’ မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ် ရှိသည်ကို သိတော်မူသော အခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင်ထုတ်ဖော် သိမြင်ပြီးသော ‘သာမုက္ကံသိက’ တရားဒေသနာတော် ဖြစ်သော ဆင်းရဲခြင်း ‘ဒုက္ခသစ္စာ’ ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း ‘သမုဒယသစ္စာ’ ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ ‘နိရောဓသစ္စာ’ ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း လမ်း ‘မဂ္ဂသစ္စာ’ ကို လည်းကောင်း ပြသတော်မူပါ၏၊ မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ တပည့်တော်အား ထိုနေရာ၌ပင်လျှင် “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံ သည် ချုပ်ခြင်းသဘောရှိ၏”ဟု ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိ မဂ်ဉာဏ်’ သည် ဖြစ်ပေါ်ပါ၏၊ အသျှင်ဘုရား ထိုတပည့်တော်သည် တရားကို မြင်ပြီးသည် တရားသို့ ရောက်ပြီးသည် တရားကို့သိပြီးသည် ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည် ယုံမှားခြင်းကို ကူးမြောက်ပြီး သည် သို့လော သို့လော တွေးတောခြင်း ကင်းပြီးသည် ဖြစ်၍ မြတ်စွာဘုရား သာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည် ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိသည် ဖြစ်၍ ထိုနေရာ၌ပင်လျှင် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါပြီ၊ ဗြဟ္မစရိယ သိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ဆောက်တည်ပါပြီ။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဒုတိယသဘောသည် ရှိပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ကုမာရီရွယ် (နုနယ်ပျိုမျစ်ကုန်သော) မယားလေးယောက်တို့သည် ရှိပါကုန်၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် ထိုမယားတို့ထံသို့ ချဉ်းကပ်၍ ထိုမယားတို့ကို “နှမတို့ ငါသည်ကား ဗြဟ္မစရိယသိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက် တည်အပ်ကုန်၏၊ အလိုရှိသော နှမသည် ဤအိမ်၌ပင် စည်းစိမ်ဥစ္စာတို့ကိုလည်း သုံးဆောင်ခံစားလော့၊ ကောင်းမှုကုသိုလ်တို့ကိုလည်း ပြုလော့၊ မိမိတို့၏ အဆွေအမျိုးတို့ အိမ်သို့သော်လည်း သွားလော့၊ ယောကျာ်းတစ်ပါးကို အလိုရှိသည်ဖြစ်မူ အဘယ်ယောကျာ်းအား သင်တို့ကို ပေးရအံ့နည်း”ဟု ဆို၏၊ အသျှင်ဘုရား ဤသို့ဆိုသော် မယားကြီးသည် အကျွန်ုပ်ကို “အရှင် ဤမည်သော ယောကျာ်းအား အကျွန်ုပ်ကို ပေးပါလော့”ဟု ဆို၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် ထိုယောကျာ်းကို ခေါ်စေပြီး၍ လက်ဝဲလက်ဖြင့် မယားကို ကိုင်၍ လက်ယာလက်ဖြင့် ရေကရားကို ကိုင်ပြီးလျှင် ထိုယောကျာ်းအား စွန့်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ကုမာရီရွယ် (နုနယ်ပျိုမျစ်သော) မယားကို စွန့်သည်ရှိသော် စိတ် ဖောက်ပြန်ခြင်းကို မသိပါ။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤတတိယ သဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်၏ အမျိုးအိမ်၌ ရှိကုန်သော စည်းစိမ်ဥစ္စာတို့ကိုလည်းကောင်းသော သဘောရှိကုန်သော သီလဝန္တပုဂ္ဂိုလ်တို့နှင့် မခွဲခြားအပ်ကုန်။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤစတုတ္ထသဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ရဟန်းသို့ ဆည်းကပ်သည်ရှိသော် ရိုသေစွာသာလျှင် ဆည်းကပ်ပါ၏၊ မရိုမသေ မဆည်းကပ်ပါ၊ အကျွန်ုပ်အား ထိုအသျှင်သည် အကယ်၍ တရားဟောခဲ့မူ၊ ရိုသေစွာသာလျှင် တရားနာ၏၊ မရိုမသေ မနာပါ၊ အကျွန်ုပ်အား ထိုအသျှင်သည် အကယ်၍ တရားမဟောခဲ့မူ အကျွန်ုပ်သည် ထိုအသျှင်အား တရားဟောပါ၏။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤပဉ္စမသဘောသည် ရှိပါ၏။ အသျှင်ဘုရား သံဃာကို ပင့်ဖိတ်အပ်သည်ရှိသော် နတ်တို့သည် ချဉ်းကပ်၍ “သူကြွယ် ဤမည်သော ရဟန်းသည် (ရူပကာယ နာမကာယ) နှစ်ပါးစုံမှ လွတ်မြောက်သော ‘ဥဘတော ဘာဂဝိမုတ္တ’ ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် ပညာဖြင့် လွတ်မြောက်သော ‘ပညာဝိမုတ္တ’ ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းရှိသော ‘ကာယသက္ခိ’ ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် အထက်မဂ်ဖိုလ်သို့ ရောက်သော ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် သဒ္ဓါဖြင့် လွတ်မြောက်သော ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် (ပညာ) တရားဖြင့် အထက်မဂ်သို့ အစဉ်လျှောက်သော ‘ဓမ္မာနုသာရီ’ ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် သဒ္ဓါဖြင့် အထက်မဂ်သို့ အစဉ်လျှောက်သော ‘သဒ္ဓါနုသာရီ’ ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဤမည်သော ရဟန်းသည် သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏”ဟု ပြောကြားကြကုန်၏၊ ထိုသို့ ပြောခြင်းသည် အံ့ဖွယ် မဟုတ်ပါ၊ အသျှင်ဘုရား အကျွန်ုပ် သည် သံဃာတော်ကို လုပ်ကျွေးသည်ရှိသော် “ဤမည်သော ပုဂ္ဂိုလ်အားမူ အနည်းငယ် ပေးလှူအံ့၊ ဤမည်သော ပုဂ္ဂိုလ်အားမူ များစွာ ပေးလှူအံ့”ဟု ဤသို့ စိတ်ဖြစ်သည်ကို့မသိစဖူးပါ၊ အသျှင်ဘုရား စင်စစ်သော်ကား အကျွန်ုပ်သည် မျှတသော စိတ်ရှိသည်ဖြစ်၍သာလျှင် ပေးလှူ၏။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဆဋ္ဌသဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်ကို နတ်တို့သည် ချဉ်းကပ်၍ “သူကြွယ် မြတ်စွာဘုရားသည် တရားကို ကောင်းစွာ ဟောတော်မူ၏”ဟု ပြောကြားကြကုန်၏။ အသျှင်ဘုရား ဤသို့ ပြောကြားသည်ရှိသော် သင်နတ်တို့က ဤသို့ ပြောကုန်သည်ဖြစ်စေ မပြောကုန်သည်ဖြစ်စေ စင်စစ်သော်ကား မြတ်စွာဘုရားသည် တရားကို ကောင်းစွာ ဟောတော်မူ၏”ဟု ထိုနတ်တို့ကို အကျွန်ုပ် ဤသို့ ပြောဆိုပါ၏။ ဤသို့ ဆိုခြင်း သည် အံဖွယ် မဟုတ်ပါ၊ အသျှင်ဘုရား “ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏၊ ငါသည်လည်း နတ်တို့နှင့် အတူတကွ စကားပြောဆိုရ၏”ဟု နတ်တို့ ချဉ်းကပ်လာခြင်း နတ်တို့နှင့်တကွ စကားပြောရခြင်းဟူသော အကြောင်းကြောင့် စိတ်၏ တက်ကြွမှုကို မသိစဖူးပါ။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသတ္တမသဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ ရှေးဦးစွာ အကယ်၍ သေရပါမူ၊ အကျွန်ုပ်ကို မြတ်စွာဘုရားသည် “အကြင်သံယောဇဉ်နှင့် ယှဉ်သော ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်သည် တစ်ဖန် ဤ လောကသို့ ရောက်လာရာ၏၊ ထိုသံယောဇဉ်သည် မရှိတော့ပြီ”ဟု မိန့်ကြားတော်မူရာသော အကြောင်း သည် အံ့ဖွယ်မဟုတ်ပါ၊ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤအဋ္ဌမ သဘောသည် ရှိပါ၏။ အသျှင်ဘုရား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့သည် ရှိပါကုန်၏။ “အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အဘယ်သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကိုမူ အကျွန်ုပ်မသိပါဟု (လျှောက်၏)။

ထိုအခါ ထိုရဟန်းသည် ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်၏ အိမ်မှ ဆွမ်းကို ခံယူပြီးလျှင် နေရာမှ ထ၍ ဖဲသွား၏၊ ထိုအခါ ထိုရဟန်းသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခွါပြီးသော် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်သော အရပ်၌ ထိုင်လျက် ဟတ္ထိရွာသား ဥဂ္ဂ သူကြွယ်နှင့် အတူတကွ ပြောခဲ့သမျှ စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ကြား၏။ ရဟန်း ကောင်း၏ ကောင်း၏၊ ကောင်းစွာ ဖြေကြားလိုသူသည် ဟတ္ထိရွာသား ဥဂ္ဂသူကြွယ် ပြောကြားသည့်အတိုင်း ပြောကြားရာ၏၊ ရဟန်း ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤ သဘောရှစ်မျိုးတို့နှင့်ပင်လျှင် ပြည့်စုံ၏ဟု ငါဆို၏။ ရဟန်း ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏ဟု မှတ်လေလော့ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။