အင်္ဂုတ္တရနိကာယ်
၃-ဂဟပတိဝဂ်
၃-ပဌမ ဟတ္ထကသုတ်
၂၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ရဟန်းတို့ ဟတ္ထကအာဠဝကကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောခုနစ်မျိုးတို့နှင့်် ပြည့်စုံ၏ဟူ၍ မှတ်ကုန်လော့၊ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ — ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကသည် သီလရှိ၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကသည် (ဒုစရိုက်မှ) ရှက်တတ်၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကသည် (ဒုစရိုက်မှ) လန့်တတ်၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကသည် များသော အကြားအမြင်ရှိ၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကသည် စွန့်ကြဲပေးကမ်းတတ်၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကသည် ပညာရှိ၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောခုနစ်မျိုးတို့နှင့်် ပြည့်စုံ၏့ဟူ၍ မှတ်ကုန်လော့ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၍ နေရာမှ ထပြီးလျှင် ကျောင်းသို့ ဝင်တော်မူ၏။
ထိုအခါ ရဟန်းတစ်ပါးသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဟတ္ထကအာဠဝကထံသို့ ချဉ်းကပ်၍ ခင်းထားအပ်သောနေရာ၌ ထိုင်နေ၏။ ထိုအခါ ဟတ္ထကအာဠဝကသည် ထိုရဟန်းကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေ၏၊ ထိုရဟန်းသည် တစ်ခုသော အရပ်၌ ထိုင်နေသော ဟတ္ထကအာဠဝကကို ငါ့သျှင် ဒါယကာ သင့်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘော ခုနစ်မျိုးတို့နှင့်် ပြည့်စုံ၏ဟူ၍ မြတ်စွာဘုရား မိန့်ကြားတော်မူ၏။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊ သီလရှိ၏။ပ။ (ဒုစရိုက်မှ) ရှက်တတ်၏။ (ဒုစရိုက်မှ) လန့်တတ်၏။ များသော အကြားအမြင် ရှိ၏။ စွန့်ကြဲပေးကမ်းတတ်၏။ ပညာရှိ၏ဟု မိန့်တော်မူ၏၊ ဒါယကာ သင်သည် အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောခုနစ်မျိုးတို့နှင့်် ပြည့်စုံ၏ဟု မြတ်စွာဘုရား မိန့်ကြားတော်မူ၏ဟူ၍ ပြော၏။ အသျှင်ဘုရား အသို့ပါနည်း၊ ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံတစ်ယောက် မရှိပါသလောဟု (လျှောက်၏)၊ ဒါယကာ ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံတစ်ယောက်မျှ မရှိဟု (မိန့်ဆို၏)။
အသျှင်ဘုရား ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံ တစ်ယောက်မျှ အကယ်၍ မရှိသည်ဖြစ်အံ့၊ ကောင်းပါလေ၏ဟု (လျှောက်၏)။
ထိုအခါ ထိုရဟန်းသည် ဟတ္ထကအာဠဝက၏ အိမ်မှ ဆွမ်းကို ခံယူပြီးလျှင် နေရာမှ ထ၍ ဖဲခွါသွား လေ၏။ ထိုအခါ ထိုရဟန်းသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်လျက် ဤစကားကို လျှောက်၏။ အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အချိန်၌ သင်္ကန်းကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဟတ္ထက အာဠဝကနေအိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သောနေရာ၌ ထိုင်ပါ၏၊ အသျှင်ဘုရား ထိုအခါ ဟတ္ထက အာဠဝကသည် အကျွန်ုပ်အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေပါ၏၊ အသျှင်ဘုရား တစ်ခုသောနေရာ၌ ထိုင်နေသော ဟတ္ထကအာဠဝကကို အကျွန်ုပ်သည် “ဒါယကာ သင်သည် အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏”ဟု မြတ်စွာဘုရား မိန့်ကြား တော်မူ၏။ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ — ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊ သီလရှိ၏။ပ။ (ဒုစရိုက်မှ) ရှက်တတ်၏။ (ဒုစရိုက်မှ) လန့်တတ်၏။ များသော အကြားအမြင် ရှိ၏။ စွန့်ကြဲ ပေးကမ်းတတ်၏။ ပညာရှိ၏ဟု မိန့်တော်မူ၏၊ ဒါယကာ သင်သည် ဤအံ့ဖွယ် ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောခုနစ်မျိုးတို့နှင့်် ပြည့်စုံ၏ဟု မြတ်စွာဘုရား မိန့်တော်မူ၏”ဟူ၍ ပြောဆိုပါ၏။ အသျှင်ဘုရား ဤသို့ ပြောသည်ရှိသော် ဟတ္ထကအာဠဝကသည် အကျွန်ုပ်ကို “အသျှင်ဘုရား အသို့ပါနည်း၊ ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံတစ်ယောက် မရှိပါသလော”ဟု (ဆိုပါ၏)၊ ဒါယကာ ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံ တစ်ယောက်မျှ မရှိဟု (ဆိုပါ၏)။ အသျှင်ဘုရား ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူ ဝတ်သော လူတစ်စုံတစ်ယောက်မျှ အကယ်၍ မရှိသည်ဖြစ်အံ့၊ ကောင်းပါလေ၏ဟု ဆိုပါ၏ဟူ၍ လျှောက်၏။ ရဟန်း ကောင်းစွ ကောင်းစွ၊ ထိုအမျိုးကောင်းသားသည် အလိုနည်း၏၊ မိမိ၌ ထင်ရှားရှိသည် သာလျှင် ဖြစ်သော ကုသိုလ်တရားတို့ကို သူတစ်ပါးတို့အား သိစေခြင်း၌ အလိုမရှိ၊ ရဟန်း ထို့ကြောင့်ပင် သင်သည် ဟတ္ထကအာဠဝကကို အလိုနည်းခြင်းဟူသော အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘော့နှင့််လည်း ပြည့်စုံသောသူဟု မှတ်လေလော့ဟု (မိန့်တော်မူ၏)။
တတိယသုတ်။