အင်္ဂုတ္တရနိကာယ်

(၉) ၄-သတိဝဂ်

၉-ပဋိသာရဏီယသုတ်

၈၉။ ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား အလိုရှိလတ်သော် သံဃာသည် ပြန်လည် အောက်မေ့စေမှု ‘ပဋိသာရဏီယကံ’ ကို ပြုရာ၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — လူတို့အား လာဘ်မရစိမ့်သောငှါ အားထုတ်၏၊ လူတို့အား အကျိုးမဲ့ဖြစ်စိမ့်သောငှါ အားထုတ်၏၊ လူကို ဆဲရေး၏၊ ရေရွတ်၏၊ ( ခြိမ်းခြောက်၏)၊ လူအချင်းချင်း ကွဲပြားစေ၏၊ မြတ်စွာဘုရား၏ ဂုဏ် (ကျေးဇူး) မဲ့ကို ဆို၏၊ တရားတော်၏ ဂုဏ် (ကျေးဇူး) မဲ့ကို ဆို၏၊ သံဃာတော်၏ ဂုဏ် (ကျေးဇူး) မဲ့ကို ဆို၏၊ တရားနှင့်စပ်သော လူတို့၏ ဝန်ခံမှုကိုလည်း မမှန်စေ။ ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား အလို ရှိလတ်သော် သံဃာသည် ပြန်လည် အောက်မေ့စေမှုကို ပြုရာ၏။

ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား အလိုရှိလတ်သော် သံဃာသည် ပြန်လည် အောက်မေ့စေမှု ‘ပဋိသာရဏီယကံ’ ကို ငြိမ်းစေရာ၏၊ (ရုပ်သိမ်းရာ၏)။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — လူတို့အား လာဘ် မရစိမ့်သောငှါ အားမထုတ်၊ လူတို့အား အကျိုးမဲ့ ဖြစ်စိမ့်သောငှါ အားမထုတ်၊ လူကို မဆဲရေး၊ မရေရွတ်၊ ( မခြိမ်းခြောက်)၊ လူအချင်းချင်း မကွဲပြားစေ၊ မြတ်စွာဘုရား၏ ဂုဏ် (ကျေးဇူး) ကို့ဆို၏၊ တရားတော်၏ ဂုဏ် (ကျေးဇူး) ကို ဆို၏၊ သံဃာတော်၏ ဂုဏ် (ကျေးဇူး) ကို ဆို၏၊ တရားနှင့် စပ်သော လူတို့၏ ဝန်ခံမှုကိုလည်း မှန်စေ၏။ ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်း အား အလိုရှိလတ်သော် သံဃာသည် ပြန်လည် အောက်မေ့စေမှု ပဋိသာရဏီယကံကို ငြိမ်းစေရာ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။